အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေတဲ့အဖွဲ့အစည်းအားလုံး NUG အစိုးရနဲ့အတူ လက်တွဲ လုပ်ဆောင်ဖို့ KIO ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။
KIO ရဲ့ ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လက အဲဒီလို တိုက်တွန်းလိုက်ကြောင်း The 74 Media ကဖော်ပြပါတယ်။
“ယနေ့အချိန်မှာ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်နဲ့ ရရာလက်နက်ကို စွဲကိုင်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အသီးသီးကို မှာကြားချင်တယ်။ အားလုံးဟာ သူရဲကောင်း ရဲဘော်ရဲဘက်တွေ ဖြစ်ကြပါတယ်။ ဝမ်းသာခွန်အားရမိပါတယ်။ ဒါပေမဲ့ အားလုံးနာမည်အမျိုးမျိုးနဲ့ လုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေတဲ့အဖွဲ့အစည်းအားလုံးဟာ NUG အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ရေရှည်မှာ ပြဿနာတွေရှိလာနိုင်တာကို သတိချပ်ဖို့လိုတယ်” လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကပြောပါတယ်။
စစ်အာဏာရှင်စနစ်ကို “အမြစ်မှအစ အကိုင်းအခက်မကျန်” ချေမှုန်းနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအားလုံး ပန်းတိုင်တစ်ခုအောက်မှာ အတူတကွလုပ်ဆောင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
ဒါ့အပြင် NLD အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ လည်း ဆိုပါတယ်။
မိန့်ခွန်းရဲ့အဆုံးမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေစဉ် စားနပ်ရိက္ခာဖူလုံရေးကြိုးပမ်းဆောင်ရွက်ဖို့လိုပြီး တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုတဲ့အတိုင်း ကိုယ်ကျိုးစီးပွားကို အတိုင်းထက်အလွန်ရှာဖွေမှုမျိုးရှောင်ရှားဖို့နဲ့ကိုယ်ကျိုးစီးပွားအဓိကထားကာ ခြံစည်းရိုးခွထိုင်သူတွေမဖြစ်စေဖို့လည်း တိုက်တွန်းထားကြောင်း The 74 Media ကဖော်ပြပါတယ်။