ဒုတိယလွတ်လပ်ရေးအရယူပြီး နိုင်ငံသစ်တည်ထောင်ဖို့ NUG တိုက်တွန်း

အကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ဖြတ်ပြီး ဒုတိယလွတ်လပ်ရေး အရယူကာ နိုင်ငံသစ်ကိုတည်ထောင်ရေးအတွက် လက်ရှိရထားတဲ့ စည်းလုံးညီညွတ်မှုနဲ့ ဆက်လက်ချီတက်သွားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သဝဏ်လွှာမှာ အဲ့ဒီလို ဖော်ပြထားတာပါ။

လွတ်လပ်ရေး ရယူခဲ့တဲ့သမိုင်းမှာ အဓိကနေရာကပါဝင်ခဲ့တဲ့ တပ်မတော်ဟာ အကျိုးစီးပွားရှေ့တန်းတင်ပြီး အာဏာယစ်မူးတဲ့ စစ်ခေါင်းဆောင်တွေရဲ့ စနစ်တကျဖျက်ဆီးမှုကြောင့် ပြည်သူတရပ်လုံးကို လက်နက်အားကိုး အနိုင်ကျင့်တဲ့ အလေ့အထရှိလာတာကြောင့် ခေတ်အဆက်ဆက် အာဏာသိမ်းမှုတွေ ပေါ်ပေါက်ခဲ့ရတယ်လို့ NUG က ဆိုပါတယ်။

အဲ့ဒီလို အာဏာသိမ်းမှုတွေပေါ်ပေါက်ခဲ့တာကြောင့် ပြည်သူတရပ်လုံး စစ်ကျွန်ဘဝ ကျရောက်ဖြတ်သန်းရတဲ့ ကာလတွေ ရှည်ကြာခဲ့ရတယ်လို့လည်း NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တနိုင်ငံလုံးက ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ နှစ်သစ်ကူးထုတ်ပြန်ချက်တွေ ပြောစကားတွေ ထင်ရှားပေါ်လွင်နေတဲ့ အာဏာရှင်အမြစ်ဖြတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီဖော်ဆောင်ရေး ဘုံရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေပြတ်မခံဖို့လည်း အဲ့ဒီသဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။