လဲ၊ အင်မထီးရွာဝန်းကျင် နယ်မြေစိုးမိုးနိုင်ရေး အနီးရွာတွေကို အကြမ်းဖက်တပ် လုယက်မီးရှို့နေ

ပျူစောထီး သင်တန်းဖွင့်နေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာဝန်းကျင်ကို နယ်မြေစိုးမိုးနိုင်အောင် အနီးဝန်းကျင်ရွာတွေကို အကြမ်းဖက်စစ်တပ်က လုယက်မီးရှို့နေတယ်လို့ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။
ယမန်နေ့ ၇ နာရီကျော်လောက်က အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ကိုင်းတွင်းရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်လုယက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
‘အရင်လ ၂၈ ရက်နေ့တုန်းက ကိုင်းတွင်းရွာကို စစ်ခွေးတွေ ထန်းရည်တောင်းတာ ထန်းရည်ထဲဝမ်းနှုတ် ဆေးထည့်ပေးလိုက်တယ်ဆိုပြီး အဲဒီ အကြောင်းပြချက်နဲ့ လုပ်တာ။ ညနေ ၃ နာရီလောက်က ရောက်လာတယ်။ အိမ်တိုင်းကပစ္စည်းတွေကို အကုန်ယူတယ်။ သူတို့လုထားတဲ့ပစ္စည်းတွေကို ကားနဲ့တိုက်ပြီး အနီးက အင်မထီးရွာကို သယ်သွားတယ်။မီးရှို့ပြီးတော့ လှော်ကားကြီးရွာဘက်ထွက်သွားတယ်’ လို့ သူကပြောပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ကိုင်းတွင်းရွာထဲက အိမ်ဘယ်နှလုံးမီး လောင်ပျက်စီးသွားသလဲဆိုတာကို မသိသေးဘူးလို့ ရဲဘော်ပေက ဆိုပါတယ်။
ဖေဖေါ်ဝါရီ ၃ ရက်နေ့ရော ၄ ရက်နေ့မှာလည်း ကင်းဝန်မင်းကြီးရဲ့ဇာတိ မင်းတိုင်ပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတို့ ဝင်ရောက်စီး နင်းကာ ပြည်သူပိုင်ပစ္စည်းသိန်း ၅၀၀၀ ကျော် ဖိုးလုယက်သွားပါတယ်။
ကိုင်းတွင်းရွာဟာ ပုလဲမြို့ပေါ်နဲ့ ၈မိုင်လောက်ဝေးပြီး မင်းတိုင်ပင်ရွာအနီးမှာ တည်ရှိပါတယ်။