ရေရှည်မှာ ပြည်သူတွေမယှဉ်နိုင်အောင် အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေလို့ပြော

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အင်အားကို အရက်စက်ဆုံးချေမှုန်းတဲ့နည်းနဲ့ ရေရှည်မှာ ယှဉ် လို့မရတဲ့ဗျူဟာကိုကျင့်သုံးနေတယ်လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကဆိုပါတယ်။

ဒီကနေ့စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ဒုတိယအာဏာရှင် သန်းရွှေ ဦးဆောင်တဲ့စစ်အစိုးရရဲ့ ရက်စက်မှုထက် သိသိ သာသာပိုပြင်းထန်ပြီး ပြည်သူကိုအကြောက်တရားပေးခြင်းနဲ့ ရေရှည်မှာ အာဏာရှင်ဆန့်ကျင်ရေးအင်အားစု လျော့ပါးသွားစေရေးနည်းကို အဓိက အားပြုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

‘မင်းအောင်လှိုင်က အခုမြန်မာပြည်သူတွေမပြောနဲ့၊နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး။ပြည်သူထောက်ခံမှုရဖို့ တွေဘာတွေလည်းမကြိုးစားဘူး။သူ့ကိုယ်သူဒီပွဲမှာမနိုင်ရင် ကြိုးစင်တက်ရမယ်ဆိုတာလည်းကောင်းကောင်း သိတယ်။အဲဒါကြောင့် ပြည်သူကို မလှန်ရဲအောင် မြန်မြန်မပြီးတောင် ကြာရင် အင်အားချိနဲ့လာအောင် လုပ်နေ တယ်။ပြီးတော့ တပ်ထဲကပြေးသူတွေအတတ်နိုင်ဆုံးမရှိအောင် ကြိုးစားနေတယ်’လို့ သူကပြောပါတယ်။

အကြမ်းဖက်စစ်တပ်အတွင်းက အရာရှိကြီးတွေကြားထဲ တိုးတိုးတိတ်တိတ်ဝါဒဖြန့်နေမှုမှာ ဒီပွဲမှမနိုင်ရင် အကုန်အိုးစားကွဲမယ်ဆိုတာဖြစ်ကြောင်းသိရပါတယ်။

‘မင်းအောင်လှိုင်က သူ့လူတွေကို ကြိုးတစ်ကြိုးတည်းပူးချည်လိုက်တဲ့သဘောပဲ။ငါတို့မနိုင်ရင် ငါတင်မက မင်း တို့လည်းဒုက္ခရောက်မယ်လို့ ခြိမ်းခြောက်တဲ့နည်းနဲ့ စည်းရုံးနေတာပါ။တပ်ထဲက ခပ်ကြီးကြီးကောင်တွေ CDM လုပ်မှာလည်းသေမလောက်ကြောက်နေရတယ်’လို့  သူကပြောပါတယ်။

ဒါ့ကြောင့် ဒီမိုကရေစီအင်အားစုတွေအနေနဲ့မလိုအပ်ဘဲ အင်အားမပြုန်းတီစေဖို့နဲ့ နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့အကူအညီတွေရဖို့ အရေးတကြီးလိုနေပြီလို့ သူကဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အရပ်သားတွေကိုပါမချန် လေကြောင်းကနေပစ်ခတ်နေခြင်းဟာ သူတို့ကိုယ်သူတို့ ဂိတ်ဆုံးလို့သတ်မှတ်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။