အိုမီခရွန်အတွက် တိကျတဲ့ သိပ္ပံနည်းကျအချက်အလက်တွေကို ကမ္ဘာ့နိုင်ငံတွေ စောင့်မျှော်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်အတွက် ကမ္ဘာ့နိုင်ငံအချို့က တာဝန်ရှိသူတွေဟာ တိကျတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို စောင့်မျှော်နေကြပါတယ်။

မျိုးကွဲသစ် အိုမီခရွန်ဟာ ကမ္ဘာတဝှမ်းကူးစက်ခဲ့တဲ့ မျိုးကွဲတွေထဲမှာ အန္တရာယ်အရှိဆုံးနဲ့ ကူးစက်မှု အများဆုံး ဖြစ်နိုင်တယ်လို့သာ လက်တလောမှာ အကြမ်းဖျင်း သိရှိရသေးပြီး တိကျတဲ့ သက်ရောက်မှုကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆက်လက် လေ့လာနေဆဲဖြစ်ပါတယ်။

ကမ္ဘာကို ကျရောက်နေတဲ့ ဒီ ကပ်ဘေးဟာ ထာဝရ အမြဲဖြစ်သွားမှာကို ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်တကြီး ဖြစ်နေကြပြီး တိကျတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို စောင့်မျှော်နေခဲ့ကြတာပါ။

အမေရိကန် အပါအဝင် အနောက်ဥရောပ နိုင်ငံ ၂၄ နိုင်ငံဟာ အိုမီခရွန်မျိုးကွဲသစ် ဖြစ်ပွားမှုတွေကို မှတ်တမ်းတင်ထားပြီး ဒီထက်မက ပိုမိုပြီး ကူးစက်ပျံ့နှံ့ လာနိုင်တဲ့ အခြေအအနေ တစ်ခုကိုလည်း WHO က သတိပေးထားပါတယ်။

လက်ရှိမှာတော့ နိုင်ငံအများစုဟာ နိုင်ငံတကာ ခရီးသွားလာရေးတွေကို ပြန်လည် ပိတ်ပင်ထားပြီး အိုမီခရွန်ကို ကာကွယ်နိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

ဒါပေမဲ့ ဒီလိုကန့်သတ်မှုတွေဟာ မျိုးကွဲသစ်ကို ကာကွယ်ဖို့ မထိရောက်ဘဲ အနာတခြား ဆေးတစ်ခြား ဖြစ်တဲ့ ကန့်သတ်မှုတွေသာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သုံးသပ်ပါတယ်။

ကပ်ရောဂါကို ကာကွယ်ဖို့ အဓိက သော့ချက်မှာ ကာကွယ်ဆေးကို အလုံးစုံထိုးနှံဖို့ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းတွေ ပြီးပြတ်အောင်လုပ်ဖို့နဲ့ အခြေခံကျတဲ့ ကျန်းမာရေးအသိနဲ့ ဖြတ်သန်းဖို့ကိုသာ အဓိက တိုက်တွန်း သတိပေးထားပါတယ်။