၁၅၊ နိုဝင်ဘာ၊ ၂၀၂၁။
လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ ဒီအိုင်ကွန်ကစားသမားနှစ်ဦးအကြားမှာ ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းဟာ သူတို့ ကစားသမားဘဝမှာကတည်းက အငြင်းအခုန်ဖြစ်ခဲ့ရတဲ့ အကြောင်းအရာတစ်ခုလိုပါ။
ဒီအင်္ဂလန် ကွင်းလယ်အတွဲဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကောင်းကောင်းကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ကလပ်အသင်းတွေနဲ့တော့ ဆုဖလားပေါင်းများစွာကို ကိုင်မြှောက်နိုင်ခဲ့ကြပါတယ်။
ကစားသမားဘဝ ကလပ်အသင်းတွေနဲ့အတူ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေမှာ လမ်းပတ်က (၂၇၄) ဂိုး၊ ဂျရတ်က (၁၉၀) ဂိုး ဆိုတဲ့ သွင်းယူပေးခဲ့တဲ့ ဂိုးအရေအတွက်အရ လမ်းပတ်က ဂျရတ်ထက် သာလွန်နေတာကို တွေ့မြင်ရပါတယ်။
ဆုဖလားရရှိမှုအပိုင်းမှာလည်း လမ်းပတ်ဟာ အင်္ဂလန်ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ၃ ကြိမ်ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဂျရတ်ကတော့ ချန်ပီယံလိဂ် တစ်ကြိမ်ရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အတွက်တော့ အောင်မြင်မှု မရနိုင်ခဲ့ပါဘူး။
ဒီအင်္ဂလန်ကွင်းလယ်လူ နှစ်ဦးစလုံးဟာ နည်းပြဘဝရောက်ပြန်တော့လည်း ကိုင်တွယ်ခဲ့တဲ့ အသင်းတွေကို ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ဂျရတ်ကတော့ နည်းပြဘဝမှာ ရိန်းဂျားစ်အသင်းအတွက် ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ရယူပြီး ဘောလုံးအသိုင်းအဝိုင်းရဲ့ မျက်စိကျတာတွေကို ခံခဲ့ရပါတယ်။
လမ်းပတ်ကလည်း ချဲလ်ဆီးနည်းပြဘဝမှာ ဖလားအောင်မြင်မှု မရနိုင်ခဲ့ပေမယ့် သူဟာ လူငယ်တွေနဲ့ ချဲလ်ဆီးကို အပြောင်းအလဲတစ်ခုလုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။
စပါးအသင်းနဲ့ ဝုဗ်ဘာဟမ်တန်ကွင်းလယ်လူဟောင်း ဂျေမီအိုဟားရားကတော့ သူတို့နှစ်ဦးအကြားမှာ ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းအတွက် အငြင်းအခုန် လုပ်ရမယ့် ကိစ္စမဟုတ်ဘူးလို့ ပြောဆိုခဲ့ပေမယ့် ပရိသတ်တွေရော ဒီကစားသမား နှစ်ဦးအကြားမှာ သုံးသပ်မှုတစ်ခုခု ပေးခဲ့လို့ရနိုင်မလား..။