အေဂျက်ဇ်အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ နည်းပြ အီရစ်တန်ဟက်ဂ် ကတိပြု

 

 

၁၅၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်ယူ၊ နယူးကာဆယ်တို့နဲ့ အသံထွက်နေတဲ့ ကောလာဟလသတင်းတွေကို အေဂျက်ဇ်နည်းပြ အီရစ်တန်ဟက်ဂ်က ဒီကနေ့မှာ အဆုံးသတ်ပေးခဲ့ပါတယ်။ 

သူ့အနေနဲ့ အေဂျက်ဇ်အသင်းမှာပဲ ဆက်လက်ရှိသွားဖြစ်တယ်လို့ ကတိပြုအသိပေးခဲ့တာကြောင့် မန်ယူအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ စိတ်ဝင်စားနေမှုတွေဟာ အချည်းနှီးဖြစ်ခဲ့ရပါတယ်။ 

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေဂျက်ဇ်နည်းပြဟာ သူ့အနေနဲ့ အသင်းမှာ ပျော်ရွှင်နေပြီး အေဂျက်ဇ်အသင်းကို ဒီထက် ပိုမိုတိုးတက်စေချင်တဲ့ ဆန္ဒတွေ ရှိနေတယ်လို့ အသိပေးခဲ့တာပါ။ 

၂၀၁၇ ခုနှစ်ကတည်းက နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းကို တာဝန်ယူခဲ့တဲ့ နည်းပြ အီရစ်တန်ဟက်ဂ်ဟာ သူ့လက်ထက်မှာ အေဂျက်ဇ်အသင်းကို တိုးတက်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပြည်တွင်း အမှတ်ပေးဖလားနှစ်ကြိမ်အပြင် ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာပါ အန္တရာယ် အရှိဆုံး အသင်းတစ်သင်းဖြစ်လာအောင် နည်းပြအီရစ်တန်ဟက်ဂ်က စွမ်းဆောင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

အနာဂတ်မှာ အီရစ်တန်ဟက်ဂ်က သူ့ရဲ့ ရပ်တည်ချက်ကို အခုလို ပြတ်ပြတ်သားသားအသိပေးခဲ့ပေမယ့် Daily Mail သတင်းဌာနကတော့ ဒီနယ်သာလန်နည်းပြဟာ မန်ယူအသင်းရဲ့ အနာဂတ်နည်းပြတွေထဲက တစ်ယောက်အဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။