မိုက်ကယ်ကာရစ်ကို ရိန်းဂျားနည်းပြခန့်အပ်သင့်တယ်လို့ ချာလီအဒမ်အကြံပြု

 

၁၅၊ နိုဝင်ဘာ၊ ၂၀၂၁။

လီဗာပူးလ်နဲ့ စတုတ်စီးတီးကွင်းလယ်လူဟောင်း ချာလီအဒမ်က လက်ရှိမန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ကာရစ်ဟာ ရိန်းဂျားအသင်းအတွက် အသင့်တော်ဆုံးနည်းပြဖြစ်တယ်လို့ အကြံပြုပြောကြားလိုက်ပါတယ်။ 

ရိန်းဂျားအသင်းဟာ နည်းပြစတီဗင်ဂျရတ်ကို ဗီလာအသင်းထံ လက်လွှတ်လိုက်ရပြီးနောက် မိုက်ကယ်ကားရစ်ကို စဉ်းစားသင့်တယ်လို့ သူက ပြောကြားခဲ့တာပါ။ 

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မိုက်ကယ်ကာရစ်ဟာ လက်ရှိမန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်နေသူဖြစ်ပြီး နည်းပြအလုပ်အတွက် အတွေ့အကြုံကောင်းတွေ ရယူနေသူလည်းဖြစ်ပါတယ်။ 

ရိန်းဂျားအသင်းဟာ စတီဂျရတ်အသင်းကနေ ထွက်ခွာသွားတဲ့နောက်မှာ အသင်းရဲ့ နည်းပြနေရာအတွက် နောက်ထပ် နည်းပြသစ်တစ်ယောက်ကို ရှာဖွေနေပါတယ်။ 

ဒါကြောင့် ဂျရတ်ရဲ့ နေရာမှာ အစားဖို့ အသင့်တော်ဆုံး နည်းပြက မိုက်ကယ်ကာရစ်ဖြစ်တယ်လို့ ချာလီအဒမ်က ယူဆနေတာပါ။

နာမည်ကြီးနည်းပြတွေထဲက ရွေးချယ်မယ်ဆိုရင် ရိန်းဂျားအသင်းအတွက် အခွင့်အရေးနည်းပါးသလို ရွေးချယ်စရာ အလွန်နည်းနိုင်တဲ့အတွက် မန်ယူအသင်းနဲ့ အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ မိုက်ကယ်ကာရစ်ကို ချာလီအဒမ်က အကြံပြုရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်။