စစ်ကြောရေးမှာကျဆုံးသွားတဲ့ လပွတ္တာလူငယ်ရဲ့အလောင်း မိသားစုကြည့်ခွင့်မရဘဲ မီးသင်္ဂြိုဟ် 

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း၊လပွတ္တာမြို့က စစ်ကြောရေးမှာကျဆုံးသွားတဲ့လူငယ်တစ်ဦးရဲ့အလောင်းကို မိသားစုဝင်တွေ ကြည့်ခွင့်မရဘဲ မီးသဂြိုဟ်လိုက်တယ်လို့ နီးစပ်တဲ့သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

လပွတ္တာမြို့၊၇ရပ်ကွက်နေ ကိုကျော်သူဝင်း(ခ)ကိုကုလားလေး(၂၃နှစ်)အပါအဝင်သူ့မိဘ နှစ်ပါးစလုံးကို နိုဝင်ဘာ၁၂ရက်နေ့မနက်ကဖမ်းဆီးခဲ့ ပြီးနောက် ၁၃ရက်နေ့ညဘက်မှာ ကိုကျော်သူဝင်းသေဆုံးသွားခဲ့တယ်လို့ လပွတ္တာ မြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

‘သူ့မိဘတွေကို သေသွားပြီလို့အကြောင်းကြားတယ် ၊သူတို့သားအလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီလို့ ပြောတဲ့အတွက် မိဘတွေကိုယ်တိုင် သူတို့သားအလောင်းကို မကြည့်လိုက်ရဘူး’လို့ သူကပြောပါတယ်။

နိုဝင်ဘာ၁၁ရက်နေ့၊ ည၇နာရီ၄၄မိနစ်မှာ လွပွတ္တာမြို့၊EPC ရုံး လက်လုပ်မိုင်းနဲ့အပစ်ခံရပြီးနောက် ကိုကျော်သူဝင်းတို့ မိသားစု၃ယောက်စလုံးကို အကြမ်းဖက်စစ်အုပ်စုဝင်တွေက လာဖမ်းသွားတာပါ။

‘ကျော်သူဝင်းရဲ့မိဘတွေက အခုထိမလွတ်သေးဘူး။သူတို့မှာ ဒီမိသားစု၃ဦးပဲရှိတာ’လို့သူက ပြောပါတယ်။

EPC ရုံး မိုင်းနဲ့အပစ်ခံရပြီးနောက် ကိုကျော်သူဝင်းတို့မိသားစုအပြင်နောက်ထပ်၃ဦး၊ EPC ရုံးဝန်ထမ်း၂ဦးနဲ့ EPC ရုံးရှေ့မှာနေတဲ့ အမျိုးသား၂ဦးတို့ကိုညတွင်းချင်း ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

‘EPC က၂ယောက်နဲ့ ရုံးရှေ့က၂ယောက်ကိုတော့ နိုဝင်ဘာ၁၃ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်။’လို့သူကဆက် ပြောပါတယ်။ EPCရုံးကို မီးပျက်နေတဲ့အချိန်မှာ လက်လုပ်မိုင်းပစ်သွင်းခဲ့တာကြောင့် ထိခိုက်သေဆုံးမှုဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။