ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေ

၃၀၊ ဩဂုတ်လ၊ ၂၀၂၁။

ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်မှာရှိတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ နေအိမ်ကို ဩဂုတ်လ ၂၉ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေပြီးနောက် မော်တော်ယာဉ်တစ်စင်းနဲ့ ပစ္စည်းအချို့ကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ပြောက်ကျားဝတ်စုံနဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ တောတွင်း တစ်နေရာက မန်းဂျော်နီရဲ့ ဓာတ်ပုံထွက်ပေါ်လာပြီးနောက်မှာ အခုလို စစ်အုပ်စုက ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


“အင်အားအတော်များတယ်လာပြီးတော့ အိမ်ကိုဝိုင်းတာ၊ အနားက ဘုရားကျောင်းမှာလည်း ရှာတယ် အဖိုးအိမ်ကိုလည်း ရှာတယ်၊ ပြီးတော့ အဖိုးအရင်က စီးတဲ့ကားကို သိမ်းသွားတယ်၊ အဖိုးရဲ့ Facebook အကောင့်တွေပါတဲ့ ဖုန်းတွေလည်း သိမ်းသွားတယ် ပြောတယ်၊ အမိုးတို့မိသားစုကို ဖမ်းဆီးထားတာတော့ မကြားဘူး”လို့ ကျုံပျော်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။

မန်းဂျော်နီရဲ့ မိသားစုဝင်တွေကိုတော့ ခရီးမသွားဖို့ ခရီးသွားမယ်ဆိုရင် အကြောင်းကြားပြီးမှ သွားဖို့ စစ်အုပ်စုက ညွှန်ကြားထားတယ်လို့ Myanmar Now သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။