ယီမင်နိုင်ငံ အေဒင်လေဆိပ်အနီး ပေါက်ကွဲမှုဖြစ်လို့ အနည်းဆုံး လူ ၁၂ ဦးသေဆုံး

၃၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ယီမင်အစိုးရရဲ့ ယာယီမြို့တော် အေဒင်မှာ ပေါက်ကွဲမှုဖြစ်လို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။

ဒီပေါက်ကွဲမှုဟာ အောက်တိုဘာ ၃၀၊ မနေ့က ဖြစ်ပွားခဲ့ပြီး အေဒင်လေဆိပ်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ 

လေဆိပ်တာဝန်ရှိသူတွေကတော့ လေဆိပ်အပြင်ဘက် ဂိတ်တစ်ခုမှာ ကုန်တင်ယာဉ်အသေးစားတစ်စီး ပေါက်ကွဲခဲ့တာလို့ ပြောဆိုထားပါတယ်။

ပေါက်ကွဲမှုဟာ မတော်တဆဖြစ်ရပ်လား ဒါမှမဟုတ် ဗုံးပေါက်ကွဲခဲ့တာလားဆိုတာကိုတော့ လက်ရှိမှာ ရှင်းရှင်း လင်းလင်း မသိရှိနိုင်သေးပါဘူး။ 

ပေါက်ကွဲသံဟာ အတော်လေး ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပြီး အနီးနား ပတ်ဝန်းကျင်မှာ နေထိုင်သူတွေတောင် သိသိသာသာ ကြားခဲ့ရပါတယ်။ အချို့ နေအိမ်တိုက်ခန်းတွေရဲ့ ပြတင်းပေါက်တွေက မှန်တွေပါ ကွဲခဲ့ရတယ်လို့ Aljazeera သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အေဒင်မှာ ယီမင်အစိုးရနဲ့ တောင်ပိုင်းခွဲထွက်ရေး အုပ်စုတွေအကြားက တင်းမာတွေဟာ နှစ်ပေါင်းများစွာ ရှိနေပြီး ပိုမိုပြီး အရှိန်မြင့်လာခဲ့တာပါ။ 

အခုလ အစောပိုင်းမှာတောင် မြို့တော်ရဲ့ အစိုးရအဖွဲ့ အရာရှိတစ်ဦး လိုက်ပါစီးနင်းလာတဲ့ ယာဉ်တန်းကို တိုက်ခိုက်တာတွေပြုလုပ်ခဲ့လို့ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ရပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုမှာ မြို့တော်ရဲ့ အစိုးရအဖွဲ့အရာရှိကတော့ အသက်ရှင်ခဲ့ပါတယ်။