ဒလန်လို့ယူဆသူ၆ဦး မတရားမှုတွေရပ်ဖို့ တောင်ဒဂုံပြောက်ကျားအဖွဲ့ သတိပေး

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊ဗန္ဓုလအိမ်ယာအတွင်းရှိ ဒလန်လို့ယူဆသူ၆ဦးကို မတရားတဲ့လုပ်ရပ်မှန်သမျှ ရပ်တန့်ကြရန် MJF White Commandos အဖွဲ့က ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။

MJF White Commandos က အောက်တိုဘာ၁၈ရက်နေ့ရက်စွဲနဲ့ သတိပေးချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဒလန်လို့ယူဆသူ၆ဦးကို သူတို့ရဲ့နာမည်၊သူတို့နေထိုင်ရာတိုက်နံပါတ်နဲ့တကွ ဖော်ပြသတိပေးလိုက်တာပါ။

အဲဒီ၆ဦးဟာ ပြည်သူတွေ ဧည့်စာရင်းတိုင်ကြားရာမှာ ငွေကျပ်တစ်သောင်းအထိတောင်းခံခြင်းနဲ့ သူတို့နဲ့ မတည့်တဲ့သူတွေကို PDF လို့ စွပ်စွဲတိုင်ကြားဖမ်းဆီးစေခြင်းတို့ ကြောင့် ပြင်းပြင်းထန်ထန် သတိပေးလိုက် ကြောင်းသိရပါတယ်။

ဒဂုံတောင်၊ယဉ်ကျေးမှုတက္ကသိုလ်အနီးမှာနေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ‘PDF တွေအားနည်း တဲ့နေရာတွေမှာ အခုချိန်ထိ အုပ်ကြီးတွေက စစ်တပ်နဲ့ပေါင်းပြီး ပြည်သူကိုအနိုင်ကျင့်နေတုန်းပါပဲ။တစ်ယောက် လောက်ကို စံပြအနေနဲ့ နှိမ်နင်းပစ်မှ အပိုးကျိုးကြတာ’လို့ ပြောပါတယ်။

ဗန္ဓုလအိမ်ယာဟာ ဒဂုံတောင်၊တောင်-မြောက်လမ်းဆုံနဲ့ ရွာသာကြီးကြား အမှတ်၂ လမ်းမပေါ်မှာ တည်ရှိ ပါ တယ်။