ဗြိတိန်ပါလီမန်အမတ် ဒေးဗစ်အေမတ် ဓါးထိုးခံရပြီး သေဆုံး

၁၆ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ဗြိတိန်ပါလီမန်အမတ် ဒေးဗစ်အေမတ်ဟာ အင်္ဂလန်အရှေ့ပိုင်းဘုရားရှိခိုးကျောင်းတစ်ခုမှာ ဒေသခံတွေနဲ့ တွေ့ဆုံနေချိန် ဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။
အစီရင်ခံစာတစ်ခုမှာတော့ အသက် ၆၉ နှစ်အရွယ် ဒေးဗစ်အေမတ်ဟာ အောက်တိုဘာ ၁၅ ရက်နေ့က Belfairs Methodist ဘုရားကျောင်းကို သွားရောက်ခဲ့ချိန်မှာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ဓါးထိုးမှု ကျူးလွန်ခဲ့တဲ့ သံသယရှိလူငယ်ကို ဒေသခံအာဏာပိုင်တွေ ဖမ်းဆီးထားလိုက်ပါပြီ။
“သူ့ကို အရေးပေါ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် ဝမ်းနည်းစွာပဲ သေဆုံးခဲ့ပါတယ်”လို့ ဒေသခံ ရဲတွေက ပြောပါတယ်။
မြိုတော်အာဏာပိုင်တွေရဲ့ ကြေညာချက်မှာတော့ ဒီတိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ်တစ်ခုအဖြစ် ခေါင်းစဉ်တပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ဒီဖြစ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်ခဲ့ပြီး ပါလီမန်အမတ် အေမတ်အတွက် ဝမ်းနည်းရကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။
ဓါးထိုးမှုကြောင့် သေဆုံးခဲ့တဲ့ ဗြိတိန်ပါလီမန်အမတ် ဒေးဗစ်အေမတ်ဟာ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ငါးဦး ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာတော့ အေမတ်ဟာ အလွန်တော်တဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရတာပါ။
ဒေးဗစ်အေမတ်အတွက် ဝမ်းနည်းခြင်းကိုတော့ ဒေါင်းနင်းလမ်းမှာရှိတဲ့ အလံတိုင်တွေ နိမ့်ချပြီး ဂုဏ်ပြုခဲ့ပါတယ်။
ဒီသတင်းအတွက် ဗြိတိနိုင်ငံရေးအသိုင်းအဝိုင်းမှာ မေးခွန်းထုတ်မှုတွေရှိလာခဲ့ပြီး နိုင်ငံရေးသမားတွေရဲ့ လုံခြုံရေးအပြင် အကြမ်းဖက်မှုတွေအတွက်ပါ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။