အာဖန်ဂန်မှာ နောက်ထပ် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော် သေဆုံးပြီး ၆၈ ဦးထက်မနည်း ဒဏ်ရာရ

၁၆ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

အာဖဂန်နစ္စတန်တောင်ပိုင်း၊ ကန်ဒါဟာမြို့ရဲ့ အကြီးဆုံး ရှီရာဗလီမှာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၃၀ ကျော် သေဆုံးပြီး ၆၈ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ အာဖဂန်အစိုးရပိုင်သတင်းစာ BNA က ဖော်ပြခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ သောကြာနေ့၊ မနေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး ဗလီတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဒုတိယမြောက် သီတင်းပတ်ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ သောကြာနေ့ကလည်း အာဖဂန်မြောက်ပိုင်း ခွန်ဒက်ဇ်ဒေသမှာ အခုလိုပဲ ဗလီအတွင်း ဝတ်ပြုဆုတောင်းနေစဉ်အတွင်း ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရပါတယ်။
အဲ့ဒီဖြစ်ရပ်မှာ အကြမ်းဖက်အဖွဲ့ အိုင်အက်စ်တွေက အသေခံဗုံးခွဲတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့သလို အခုတစ်ကြိမ်မှာလည်း သူတို့ပဲ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
အာဖဂန်နိုင်ငံမှာ တာလီဘန်တွေ ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ဗုံးခွဲတိုက်ခိုက်မှု ပိုမိုအဖြစ်များခဲ့သလို သီတင်းတပတ်ကျော်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ ကြိမ်ကြောင့် လူပေါင်း ၈၀ နီးပါးလောက်ကို သေဆုံးခဲ့ရတာပါ။
ကုလသမဂ္ဂကတော့ ဒီလို ဘာသာရေးဝတ်ပြုဆုတောင်းပွဲတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ အကြမ်းဖက်လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချထားပါတယ်။