ဘေရွတ်မြို့ဆန္ဒပြမှုအတွင်း ပစ်ခတ်မှုတွေဖြစ်လို့ လူ ၆ ဦးသေဆုံးပြီး ၃၀ ဒဏ်ရာရ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ဆန္ဒပြပွဲမှာ ပစ်ခတ်လို့ လူ ၆ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဦးဆောင် အမှု စစ်ဆေးခဲ့တဲ့ တရားသူကြီးတွေကို ထုတ်ပယ်ဖို့ တောင်းဆိုဆန္ဒပြရာကနေ ဆန္ဒပြသူတွေနဲ့ လက်ဘနွန်စစ်တပ်အကြား မနေ့က ပဋိပက္ခတွေဖြစ်ခဲ့တာပါ။

လူရာချီ ပါဝင်တဲ့ ဒီပဋိပက္ခမှာ ဟစ်ဇ်ဘိုလာအဖွဲ့ကိုထောက်ခံသူတွေ ပါဝင်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ လူ ၉ ဦးကိုတော့ ကနဦးမှာ ဖမ်းဆီးထားမိပြီလို့ ဘက်ဘနွန်စစ်တပ်က ပြောပါတယ်။

ပစ်ခတ်မှုဟာ ၅ နာရီလောက် ကြာမြင့်ခဲ့ပြီး လက်ရှိမှာတော့ လက်ဘနွန်စစ်တပ်က တပ်တွေဖြန့်ကျက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်ဘနွန်သမ္မတ မီချယ်အောင်းကတော့ ဒီဖြစ်ရပ်မှာ သေဆုံးသွားတဲ့ သူတွေနဲ့ ဒဏ်ရာရရှိသူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

လက်ဘနွန်နိုင်ငံဟာ ပြည်တွင်းစစ်တွေအပြင် အကျင့်ပျက်ချစားမှုတွေကြောင့် စီးပွားရေး ပျက်ကပ်ကြုံနေရတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကြောင့်လည်း လူ ၂၀၀ ကျော်သေဆုံးခဲ့ရပြီး လူ ၆၅၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပေါက်ကွဲမှုဟာ လက်ဘနွန်သမိုင်းမှာ အကြီးမားဆုံး ပေါက်ကွဲမှု စာရင်းဝင်ခဲ့ပြီး လူပေါင်း ၃ သိန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။