အာဆီယံအထူးသံ လာရောက်ရေးမှာ အဆင်ပြေစေဖို့ ဗြိတိန်နဲ့ အီးယူအပါ နိုင်ငံပေါင်း ၈နိုင်ငံ ပူးတွဲကြေညာချက်ထုတ်

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံရဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ပံ့ပိုးကူညီဖို့ ဥရောပသမဂ္ဂ(အီးယူ)အပါအဝင် ဗြိတိန် ၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ အရှေ့တီမောနဲ့ အမေရိကန်တို့က ပူးတွဲကြေညာချက်တစောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ အာဆီယံသဘောတူညီချက် ၅ ရပ်နှင့်အညီ အထူးသံတမန်ဟာ မြန်မာနိုင်ငံကို လာရောက်ရေး အဆင်ပြေစေရေး ၊ အထူးသံတွေ့ဆုံလိုတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်ဖို့ မြန်မာစစ်တပ်အနေနဲ့ ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့အပြင် မတရား ဖမ်းဆီး ခံထားရသူတွေကို ပြန်လွှတ်ပေးပြီး လူ့အခွင့်အရေးကို အပြည့်အ၀လေးစားလိုက်နာရမယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်တို့ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး စကားပြောခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အာဆီယံရဲ့ စေ့စပ်ညှိုနှိုင်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဖို့ ပျက်ကွက်မယ်ဆိုရင် အောက်တိုဘာ ၂၆ရက်နေ့မှာ ကျင်းပမယ့် အာဆီယံထိပ်စီးညီလာခံမှာ မြန်မာ စစ်ခေါင်းဆောင်ကို မဖိတ်ချင်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့မှာပဲ အတိအလင်းပြောထားပါတယ်။