အာဆီယံအထူးသံတမန် ဘယ်သူ့ကိုမဆို တွေ့နိုင်အောင် စစ်အုပ်စုစီစဉ်ပေးဖို့ အီးယူတောင်းဆို

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

အာဆီယံအထူးသံတမန် တွေ့ဆုံလိုတဲ့ မည်သူ့ကိုမဆို လွတ်လပ်စွာတွေ့ဆုံနိုင်အောင် အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ဆောင်ရွက်ပေးရမယ်လို့ ဥရောပသမဂ္ဂကတောင်းဆိုလိုက်ပါတယ်။

အာဆီယံအထူးသံတမန်ရဲ့ ဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီရေးနဲ့စပ်လျဉ်းပြီး ဥရောပသမဂ္ဂကိုယ်စားအထူးကိုယ်စားလှယ်ရဲ့ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ရာမှာ အဆင်ပြေအောင် စစ်အုပ်စုအနေနဲ့ ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စု၊ နိုင်ငံရေးပါတီတွေနဲ့ လက်ရှိအကျပ်အတည်းကာလမှာ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ကိုင်စွဲထားတဲ့ ဒီမိုကရေစီ အင်အားစု တွေအပြင် သက်ဆိုင်ရာပတ်သက်ဆက်နွှယ်သူအားလုံး ပါဝင်ဖို့လိုတယ်လို့လည်း ဥရောပသမဂ္ဂကဆိုပါတယ်။

အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲအစစ်အမှန်ကသာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့မယ့် အနာဂတ်ကို ပေးစွမ်းနိုင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာ့အရေးအာဆီယံရဲ့ကြိုးပမ်းမှုတွေကို ခိုင်မာပြတ်သားစွာပံ့ပိုးကူညီသွားမယ် လို့လည်းဆိုပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်နေပြီး နိုင်ငံတော်သမ္မတဦး ဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အာဏာသိမ်းမှုနဲ့စပ်လျဉ်း ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ငြိမ်းခွင့်ပြုဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိစေဖို့ ထပ်လောင်းတောင်းဆိုတယ်လို့ လည်းဆိုပါတယ်။

ယမန်နေ့က နေပြည်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ အာဆီယံ အထူးသံ အီရာဝန် ယူဆွဖ်နဲ့ နိုင်ငံရေးပါတီ တချို့ တွေ့ဆုံဆွေးနွေးကြဖို့စီစဉ်ထားပေမဲ့ အထူးသံဟာ မြန်မာနိုင်ငံကို ရောက်မလာခဲ့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး တွေ့ဆုံပွဲ အစီအစဉ် အချိန် အပြောင်းအလဲ ရှိတယ် လို့ စစ်ကောင်စီ ဘက်က ပြောကြားခဲ့သလို ညှိနှိုင်းမှုအဆင်ပြေခဲ့ရင် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အထူးသံလာဖြစ်မယ်လို့ လည်းဆိုပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို ဒီလ၂၆ကနေ၂၈ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရ၊မရ မသိရသေးပါဘူး။