ငြိမ်းချမ်းရေးနိုဘယ်ဆုကို သတင်းစာဆရာနှစ် ဦး ဆွတ်ခူး

၉ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

နော်ဝေ နိုဘယ်ဆုကော်မတီဟာ ၂၀၂၁ ခုနှစ်ရဲ့  ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် သတင်းစာဆရာ နှစ်ဦးကို ရွေးချယ်ခဲ့ပြီး ပူးတွဲ ဆုချီးမြှင့်ခဲ့ပါတယ်။ 

ဒီဆုကို ဖိလစ်ပိုင်က အမျိုးသမီးသတင်းစာဆရာ မာရီယာရက်စ်ဆာနဲ့ ရုရှားသတင်းစာဆရာ ဒီမီထရီ မူရာတော့ဗ်တို့က ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်တွေနဲ့ အမှီအခိုကင်းတဲ့ သတင်းအခြေပြု သတင်းစာပညာကို ကာကွယ်ပေးနိုင်ခဲ့တာကြောင့် သူတို့ကို ချီးမြှင့်ခဲ့တာပါ။

ဖိလစ်ပိုင် သတင်းစာဆရာ မာရီယာရက်စ်ဆာကတော့ ဒူတာတေးအစိုးရရဲ့ အငြင်းပွားဖွယ် မူးယစ်နှိမ်နင်းမှုတွေအကြောင်းကို ရဲရဲရင့်ရင့် ရေးသားဖော်ပြပြီး အများသိအောင် ချပြနိုင်ခဲ့တာပါ။ သူဦးဆောင်တဲ့ Rappler သတင်းဌာနဟာ အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်ပါတယ်။ 

ရုရှားသတင်းစာဆရာ ဒီမီထရီ မူရာတော့ဗ်ကတော့ ရုရှားအစိုးရရဲ့ တင်းကျပ်တဲ့ သတင်းလွတ်လပ်ခွင့်မူတွေကြားမှာပဲ ဆယ်စုနှစ်များစွာ လွတ်လပ်တဲ့ သတင်းရေးသား ပြောဆိုခွင့်တွေအတွက် တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ 

ရုရှားသတင်းစာဆရာ ဒီမီထရီ မူရာတော့ဗ်ရဲ့ Novaja Gazeta သတင်းစာဟာ ရုရှားနိုင်ငံမှာ လွတ်လွတ်လပ်လပ် ပြောဆို ဝေဖန်မှုအရှိဆုံး သတင်းစာတစောင်ဖြစ်ပါတယ်။ 

အကျင့်ပျက်ခြစားမှုတွေ၊ ရဲအကြမ်းဖက်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးတာတွေ၊ ရွေးကောက်ပွဲမဲလိမ်မှုတွေနဲ့ စက်ရုံအလုပ်ရုံတွေနဲ့ သက်ဆိုင်တဲ့ အရေးပါတဲ့ ဆောင်းပါးတွေကို ရေးသားခဲ့တာပါ။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာရီယာရက်စ်ဆာကတော့ အမှန်တရားနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်ကတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုရ သတင်းစာဆရာ နှစ်ဦးအတွက် “မာရီယာရက်စ်ဆာနဲ့ ဒီမီထရီ မူယာတော့ဗ်တို့ဟာ ဒီနှစ်ရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ထိုက်တန်ပါတယ်”လို့ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ဒါအပြင်  “ကမ္ဘာတဝှမ်းမှာရှိတဲ့ ဂျာနယ်လစ်တွေနည်းတူ သူတို့နှစ်ဦးကလည်း အမှန်တရားအတွက် မမောမပန်းမကြောက်မရွံ့ ရှာဖွေခဲ့ကြတယ်”လို့ သူက ဆက်ပြောခဲ့ပါတယ်။