ပို့ကုန်လုပ်ငန်းတွေ ရပ်တန့်အရှုံးပေါ်နိုင်တဲ့ ကြေညာချက်တစ်ခုကို ဗဟိုဘဏ်ထုတ်ပြန်

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းတင်ပို့ရောင်းချပြီးနောက် ရရှိလာတဲ့ ပို့ကုန်ရငွေ ဒေါ်လာတွေကို ရက်ပေါင်း ၃၀အတွင်း မဖြစ်မနေ ပြန်လည်ရောင်းချဖို့ ဗဟိုဘဏ်ကအောက်တိုဘာလ ၃ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရက်ပေါင်း ၁၂၀အတွင်း ပြန်လည်ပေးသွင်းဖို့ သတ်မှတ်ရက်ကနေ ရက် ၉၀ကို ထပ်မံလျှော့ချကာ အသစ်ထပ်မံထုတ်ပြန်လိုက်တဲ့ အခုကြေညာချက်ဟာ ပို့ကုန်လုပ်ငန်းရှင်တွေကိုပါ အကြပ်ရိုက်သွားစေခဲ့တယ်လို့ သိရပါတယ်။

“ရက် ၃၀ထဲနဲ့ အပြီးဝယ် အပြီးရောင်းဆိုတာမျိုး သတ်မှတ်တာ၊ သဘောကတော့ ဒေါ်လာကို စျေးကွက်ထဲ မြန်မြန်ပြန်ဝင်ပြီး စျေးကျအောင် လုပ်ချင်တာ၊ ရည်ရွယ်ချက်ကောင်းပြီး လုပ်ပုံမှားနေတော့ အဆင်မပြေဘူး၊ လုပ်ငန်းလုပ်နေသူတွေက ဒေါ်လာကိုင်ထားလို့ အခုက စျေးတက်သွားတာမဟုတ်ဘူး ပြည်တွင်းကျပ်ငွေကို မယုံကြည့် ဘဏ်တွေကိုမယုံကြည် သူတို့လည်း မယုံကြည်သူတွေက ဒေါ်လာကိုင်ထားလို့ တက်သွားတာ၊ ထုတ်ရောင်းပေးတဲ့ ဒေါ်လာတွေက ပို့ကုန်သမားတွေက မရဘူး၊ ဘယ်ပျောက်သွားလဲမသိဘူး၊ ပြင်ပစျေးကွက်ကနေ ဒေါ်လာကို စျေးကြီးပေးဝယ်သုံးရမယ် သတ်မှတ်ချက်အရ သူတို့သတ်မှတ်ပေါက်စျေးနဲ့ ပြန်သွင်းရမယ်ဆို အလုပ်လုပ်စားဖို့ မသင့်တော့ဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ပြင်ပစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို၂၅၀၀ကျော်အထိ စျေးနှုန်းမြင့်တက်နေချိန်မှာ ပြည်တွင်းဘဏ်တွေမှာ ၂၀၀၀ကျပ်အောက်နှုန်းထားနဲ့သာ အဝယ်စျေးနှုန်းကို သတ်မှတ်ထားပြီး ရောင်းချမှုလုပ်ငန်းတွေကိုတော့ ရပ်တန့်ထားတယ်လို့ သိရပါတယ်။