ခြောက်နာရီကြာ ဝန်ဆောင်မှု ပြတ်တောက်ခဲ့လို့ ဖေ့ဘုတ်ရှယ်ယာတွေ ကျဆင်း

၅၊ ‌‌‌အောက်တိုဘာလ၊ ၂၀၂၁။

တစ်ကမ္ဘာလုံးမှာ ဖေ့ဘုတ် ဝန်ဆောင်မှု ပြတ်တောက်သွားခဲ့ပြီးတဲ့နောက် ဖေ့ဘုတ်ရဲ့ ရှယ်ယာ တစိတ်တပိုင်းဟာ ကျဆင်းသွားခဲ့ပါတယ်။

မနေ့က ဖေ့ဘုတ်အပြင် အင်စတာဂရမ်၊ WhatsApp၊ မက်ဆင်ဂျာနဲ့ Oculus တို့ပါ ၆ နာရီကြာ ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ၁၃ နှစ်တာ ကာလအတွင်းမှာ အဆိုးရွားဆုံး ပြတ်တောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အမည်မဖော်ပြတဲ့ ဖေ့ဘုတ်လုံခြုံရေးကျွမ်းသူတချို့ကတော့ ဒီပြတ်တောက်မှုဟာ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် မဖြစ်နိုင်ဘူးလို့ ကနဦး သုံးသပ်ခဲ့ပါတယ်။

ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ဖေ့ဘုတ်အပါအဝင် တခြားအက်ပလီကေးရှင်းတွေပါ ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်ခဲ့ပါတယ်။

ဆိုးရွားတဲ့ ဝန်ဆောင်မှုပြတ်တောက်တာကြောင့် ဖေ့ဘုတ်ကုမ္ပဏီရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းဟာ ကျဆင်းသွားခဲ့ပြီး ၇ဘီလီယံလောက် ဆုံးရှုံးခဲ့တယ်လို့ The Sun ကဖော်ပြပါတယ်။

ဖေ့ဘုတ်တည်ထောင်သူ ဇူကာဘက်ကတော့ ဒီပြတ်တောက်မှုနဲ့ ပတ်သက်လို့ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ အသုံးပြုသူတွေအတွက် တောင်းပန်စကားဆိုခဲ့ပါတယ်။