ရလဒ်တွေဆိုးရွားနေတာတောင် ဘာစီလိုနာနည်းပြကိုးမန်းကို ထောက်ခံပေးနေတဲ့ ဥက္ကဋ္ဌလာပေါ်တာ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ဘာစီလိုနာအသင်းဟာ ရလဒ်ပိုင်းဆိုးရွားတာတွေ ဆက်တိုက်ဖြစ်လာချိန်မှာ ရော်နယ်ကိုးမန်းရဲ့ နည်းပြထိုင်ခုံက ပိုမိုလှုပ်ခတ်လာပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

မနေ့က ကစားခဲ့တဲ့ အက်သလက်တီကိုအိမ်ကွင်းမှာ ဘာစီလိုနာအသင်းအနေနဲ့ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့လို့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်က ဂိုးပြတ်ရှုံးပွဲအပြီး နှစ်ပွဲဆက် ဂိုးပြတ်အရှုံးနဲ့ ကြုံတွေ့လိုက်ရတာပါ။

ဒါပေမဲ့ အက်သလက်တီကိုအသင်းကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက်မှာ ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာက နည်းပြကိုးမန်းကို ထောက်ခံမှုပေးခဲ့ပါတယ်။

နောက်တပတ်မှာ နိုင်ငံတကာပွဲစဉ်တွေ ကစားမှာကြောင့် အဲ့ဒီပွဲစဉ်တွေ ပြီးရင် ဘာစီလိုနာအသင်းအနေနဲ့ အနီးစပ်ဆုံး ၃ ပွဲကို နိုင်ပွဲရဖို့ လိုအပ်နေတယ်လို့ လာပေါ်တာက ပြောဆိုခဲ့ပေမယ့် ဝေဖန်မှု‌တွေရင်ဆိုင်နေရတဲ့ ကိုးမန်းအတွက်တော့ ထောက်ခံမှုတွေ ပေးခဲ့တာပါ။

လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ နည်းပြနေရာအတွက် ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ရေပန်းစားနေပေမယ့် သူကတော့ ဒီသတင်းတွေဟာ ကောလာဟလ သတင်းတွေသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ 

အဲ့ဒီနောက်ပိုင်း ဘာစီလိုနာအသင်းအနေနဲ့ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင်ကလော့ပ်ကိုပါ သူတို့အကြိုက်နည်းပြစာရင်းမှာထည့်သွင်းပြီး လျာထားခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာက ကိုးမန်းကို နိုင်ပွဲသုံးပွဲရိအောင် ပြုလုပ်ပေးဖို့ တိုက်တွန်းခဲ့ပေမယ့် အားကစားသုံးသပ်သူတချို့ကတော့ ဒီအခြေအနေဟာ ကိုးမန်းအတွက် အရေးပါဆုံးအချိန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

 အဲ့ဒီသုံးပွဲမှာ ရလဒ်မကောင်းခဲ့ရင် နည်းပြအပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ခဲ့ကြတာပါ။

ဘာစီလိုနာအသင်းဟာ အနီးစပ်ဆုံးအဖြစ် လာလီဂါပွဲစဉ်မှာ  ဗလင်စီယာ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ ဒိုင်နမိုကိဗ်အသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် အဲဒီသုံးပွဲဟာ ဘာစီလိုနာနည်းပြကိုးမန်းအတွက် အရေးပါနေခဲ့တာပဲဖြစ်ပါတယ်။