ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာလို့ ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်နေရ

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ ၊ ကော့ကရိတ်မြို့နယ်ထဲကို စစ်အုပ်စုတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေလုပ် ဆောင်လာလို့ ဒေသခံ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

KNU တပ်မဟာ(၆)နယ်မြေ ဖြစ်တဲ့ ကော့ကရိတ်မြို့နယ်ကို စစ်အုပ်စုတပ်နဲ့ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ဝင်ရောက်လှုပ်ရှားလာတာကြောင့် ဩဂုတ် ၂၃ရက်နဲ့ ၂၄ရက်မှာ တိုက်ပွဲတွေဖြစ်သလို အခု စက်တင်ဘာလဆန်းမှာလည်း တိုက်ပွဲဖြစ်ခဲ့တာပါ။

စက်တင်ဘာ ၁ရက်နေ့ မနက်ပိုင်းက ပိုင်ကလာဒုံရွာအနီးမှာ တိုက်ပွဲဖြစ်လို့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ဦး ဒဏ်ရာရခဲ့သလို ဒေသခံအရပ်သားအချို့ ဖမ်းဆီးခံရတာနဲ့ စစ်ဘေးတိမ်းရှောင်ရတာ ရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်ကပြောပါတယ်။

 

မြေပြင်သတင်းတွေအရ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ ကော်သနေ့ာ၊ ကြိတ်၊ ကွင်းကလေး အပါအဝင် ကျေးရွာတွေက ဒေသခံတွေဟာ ကော့ကရိတ် -ကျိုက်ဒုံလမ်းရဲ့ အရှေ့ဘက်ခြမ်းက တောင်ခြေဒေသတွေဆီကို စစ်ဘေးတိမ်းရှောင်နေရတာရှိတယ်လို့ သူက ဆိုပါတယ်။

စစ်အုပ်စုတပ်က အရပ်သားတွေကို ဖမ်းဆီးတဲ့အရေအတွက်ကို မသိရသေးပေမယ့် စစ်ရှောင်ဦးရေကတော့ ၄၀၀ ကျော်ရှိတယ်လို့ ပဒိုစောလစ္စတန်က ပြောပါတယ်။

အခု တိုက်ပွဲဖြစ်တဲ့ဒေသမှာ စစ်အုပ်စုတပ်တွေဝင်ရောက်လာတာက ကြိတ်ရွာမှာရှိတဲ့ တပ်စခန်းကို ပြန်လည်နေရယူဖို့ပါ။ အဲဒီကြိတ်တပ်စခန်းက စစ်သည်တွေဟာ ဩဂုတ်လအတွင်းက သူတို့ စခန်းကို စွန့်ခွာခဲ့တာဖြစ်ပြီး အခု အထက်ရဲ့ညွှန်ကြားချက်အရ ပြန်လည် ဝင်ရောက်လာတယ်လို့ သိရပါတယ်။

ကြိတ်ဒေသမှာ စစ်အုပ်စုတပ်နဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ BGFတပ်ဟာ ဗိုလ်မှူးမို့သို(မုတ်သုန်)ဦးဆောင်တဲ့ တပ်ဖြစ်ပြီး အဲဒီ BGFတပ်ဟာ စစ်အုပ်စုရဲ့ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာပြီး ဒေသခံတွေထိခိုက်နစ်နာအောင် လုပ်ဆောင်နေတဲ့တယ်ဆိုတာ မြေပြင်က တင်ပြလာတယ်လို့ ပဒိုစောလစ္စတန်က ပြောပါတယ်။