ကရင်နီဒေသမှာ တစ်ရက်တည်း တိုက်ပွဲလေးကြိမ်ဖြစ်ပွား

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

ကရင်နီဒေသမှာ မနေ့က တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့တာအပါအဝင် ဩဂုတ်လအတွင်း တိုက်ပွဲဖြစ်ပွားမှု ၂၀ကြိမ်ခန့်ရှိခဲ့တယ်လို့ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ရဲ့ထုတ်ပြန်ချက်တွေအရ သိရ ပါတယ်။

ဩဂုတ် ၂၈ရက်က ကယားပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်လင်လေး ဒေသမှာ KNDFနဲ့ ကရင်နီတပ်မတော်(KA) ပူးပေါင်းအဖွဲ့ဟာ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုတပ်ကိုခုခံတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ၄ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDFက ဆိုပါတယ်။

လွိုင်လင်လေးဒေသ ကွန်နားကျေးရွာအနီးမှာ တိုက်ပွဲ ၁ကြိမ်၊ ဒေါတဟေးကျေးရွာအနီးမှာ တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်အုပ်စုတပ်က သေဆုံးထိုခိုက်မှု တွေရှိပေမယ့်အရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးပေမယ့် စစ်အုပ်စုဘက်က လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ KNDFက ထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်စုတပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ကရင်နီဒေသမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုကျယ်ပြန့်လာ သလို ဒေသခံတွေကို စစ်အုပ်စုတပ်က ဖမ်းဆီးတာတွေလည်း ပိုများလာတယ်လို့ ဒီးမော့ဆို ဒေသခံတစ်ဦးကပြောပါတယ်။

စစ်အုပ်စုတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့အနီးက ဒေသခံတွေကိုဖမ်းဆီးပြီး လမ်းပြလုပ်ခိုင်းတာ၊ ဓားစာခံအဖြစ်ဖမ်းဆီးတာတွေရှိတယ်လို့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ဝတ်စုံဝတ်ဆင်စေပြီး လက်ပြန်ကြိုးတုပ်ခေါ် ဆောင်သွားတဲ့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မေလကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကရင်နီ(ကယား)ဒေသမှာ တိုက်ပွဲတွေပိုမိုဖြစ်ပွားလာတာကြောင့် စစ်ဘေးရှောင်ရတာအပြင် သွားလာရေးအခက်အခဲများလည်း ပိုဖြစ်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဩဂုတ်လအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသတွေက ကယားပြည်နယ် ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲ၊ လွိုင်ကော်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ကရင်နီ လက်နက်ကိုင်ပူးပေါင်းတပ် KNDF/KAတို့နဲ့အတူ ဖယ်ခုံ၊ဒီးမော့ဆို၊မိုးဗြဲ စတဲ့ ဒေသတွေက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း အတူပူးပေါင်းပြီးစစ်ကောင်စီကိုခုခံခဲ့တာရှိပါတယ်။

စစ်အုပ်စုက အင်အားဖြည့်တင်းပြီးစစ်ရေးလှုပ်ရှားမှုတွေပိုမိုပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း KNDFက ထုတ်ပြန်ထားပါတယ်။