ဒီ​နေ့မနက် တပ်မဟာ(၁)တိုက်ပွဲမှာ စစ်အုပ်စုဘက်က သုံးဦး​‌သေ

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေ ဘားအံမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ ဒီနေ့ မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ၃ဦးသေဆုံးခဲ့တယ်လို့ တပ်မဟာ(၁)ရဲ့ ဒူးသထူ(သထုံ)ခရိုင်က ထုတ်ပြန်ခဲ့ပါတယ်။

ဘားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု မီးပုံးကျေးရွာအနီးမှာ ၁၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲမှာ KNUတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

KNU တပ်မဟာ(၁)နယ်မြေမှာ စစ်အုပ်စုတပ်တွေနဲ့သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်ခဲ့တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒူးသထူခရိုင်ထဲမှာ ပါဝင်တဲ့ ဘီးလင်း၊ သထုံ၊ ဘားအံ မြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားလာနေတဲ့ စစ်အုပ်စုတပ်တွေကို KNU တပ်မဟာ(၁) တပ်ဖွဲ့ဝင်တွေကခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

KNU တပ်မဟာ ခုနစ်ခုရှိတဲ့အနက် တပ်မဟာ(၁)အပါအဝင် တပ်မဟာအားလုံးနီးပါးနယ်မြေမှာ စစ်အုပ်စုတပ်က အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ KNU တာဝန်ရှိသူ တွေက ပြောဆိုထားပါတယ်။ တိုက်ပွဲအများဆုံးဖြစ်တဲ့ KNU တပ်မဟာ(၅)နယ်မြေမှာတော့ လေကြောင်းကနေ ကင်းထောက်တာတွေပါ မကြာခဏလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။