စစ်အုပ်စုက မန္တလေး စက်သုံးဆီလုပ်ငန်းရှင်တွေဆီက ဆီအလှူခံ

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုရဲ့ မန္တလေးတိုင်းစီမံအုပ်ချုပ်ရေးကောင်စီက ရွှေကြက်ယက်ဆိပ်ကမ်းကို အခြေပြုပြီး စက်သုံးဆီတင်ပို့ရောင်းချနေတဲ့ မန္တလေးမြို့က စက်သုံးဆီလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ စစ်အုပ်စုကို စက်သုံးဆီ (ဒီဇယ်)တွေ လှူဒါန်းပေးဖို့ဆိုပြီး အကြောင်းကြားစာတွေ ပေးပို့နေပါတယ်။

စေတနာတတ်အားသရွေ့ လှူဒါန်းပေးကြဖို့ နှိုးဆော်ပါတယ်လို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်တွေကတော့ ဘယ်နေရာမှာ အသုံးပြုဖို့ လိုအပ်တယ်ဆိုတာကို မဖော်ပြဘဲ အလှူခံမှုကို ပူးပေါင်းပါဝင်လိုခြင်း မရှိကြပါဘူး။ အလှူခံခြင်းဆိုသည်ထက် မဖြစ်မနေ ဝေပုံကျ ခွဲတမ်းနဲ့ ဆက်ကြေး တောင်းခံနေတဲ့ ပုံစံမျိုးကို အောက်ခြေမှာ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး၊ မြို့ပေါ်မှာလည်း လုံခြုံရေးအကြောင်းပြကာ သွားလာလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် စက်ဆီလိုအပ်ချက်ဟာ မြင့်မားနေပါတယ်။

ဒါ့အပြင် ရွှေကြက်ယက်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဖက်ကို ဧရာဝတီမြစ်အတိုင်း စစ်သင်္ဘောတွေနဲ့ စက်သုံးဆီ၊ ရိက္ခာနဲ့ စစ်အင်အားဖြည့်ဆည်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။