၈၊ ဩဂုတ်လ၊ ၂၀၂၁။
ဒီနေ့မနက်ပိုင်းက မကွေးမြို့လေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ အနီးကျေးရွာခံတွေဆီက သိရပါတယ်။
ဩဂုတ်လ ၈ရက်နေ့ မနက်၂နာရီမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် မနက် ၄နာရီတွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“ပေါက်ကွဲသံကြီးကတော့ အတော်ကျယ်ကျယ်ကြီး ကြားလိုက်ရတယ်၊ အတွင်းပိုင်းကဆိုတော့ ဘယ်နေရာတွေထိခိုက်လဲ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဲဒီဖောက်ခွဲမှုဟာ မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။
”အခုဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်လို့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ ကျုပ်တို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ၈၈၈၈ လူထုအရေးတော်ပုံ ၃၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မကွေးလေတပ်စခန်းက လက်နှက်သိုလှောင်ရုံကို ဗုံးခွဲတိုက်ခိုက်တာဖြစ်တယ်။ အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်ပေးပါမယ်”လို့ အတည်ပြုခဲ့တာပါ။
မကွေးလေတပ်ဟာ ပြီးခဲ့သည့်လပိုင်းကလည်း တိုက်ခိုက်ခံခဲ့ရပြီး အခုတခါ ဒုတိယမြောက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
မကွေးလေတပ်ဟာ လွန်ခဲ့တဲ့ ၂ ရက်က မကွေးမြို့ပေါ်မှာ ရဟတ်ယာဉ်နဲ့ ကင်းလှည့်ခဲ့ပြီး မြို့လမ်းမပေါ်တွေမှာ စောင့်ကြပ်နေတဲ့ တပ်သားအများစုဟာလည်း လေတပ်က ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Credit – The Nation Voice