စစ်ကောင်စီအောက် ပြည်သူမယုံတဲ့ ဗဟိုဘဏ်

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ကို ရောက်ရှိနေတဲ့ ဗဟိုဘဏ်ဟာ ဇွန်လ ၁၆ရက်နေ့မှာ ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေအားလုံးကို ဝေဖန်မှုတွေများစွာ ထွက်ပေါ်စေနိုင်တဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။
ငွေသားစီမံခန့်ခွဲမှုကောင်းစေဖို့Digital Paymentတွေနဲ့သာ ပိုမိုဆောင်ရွက်ဖို့လို့ အကြောင်းပြချက်နဲ့ ဘဏ်တွေအနေနဲ့ ငွေသားထုတ်ပေးမှုကို ပိုမိုကန့်သတ်ဖို့ ညွှန်ကြားလိုက်တာပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံ့အာဏာကိုလုယူပြီးနောက် ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပက်သက်တဲ့ အရာအားလုံးကို ယုံကြည်မှုမရှိတော့ဘဲ ဘဏ်တွေကနေ ငွေသားထုတ်ယူတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ အင်တာနက်လိုင်းတွေ ပိတ်ဆို့ခံရမှုနဲ့ ရပ်နားလာရတဲ့ စီးပွါးရေးလုပ်ငန်းတွေကြောင့် ပြည်သူတွေဟာ ဘဏ်တွေထဲမှာ ငွေသားကို မထားရှိချင်တော့ဘဲ ထုတ်ယူလာရာကနေ ဘဏ်လုပ်ငန်းများစွာ ရပ်ဆိုင်းသွားပြီး လုံလောက်တဲ့ ငွေသားကို ပြန်လည်ထုတ်မပေးနိုင်တော့ပါဘူး။
ငွေသားလိုအပ်ချက်ပိုမိုများပြားလာရာကနေ ပြင်ပမှာ မြန်မာငွေကို မြန်မာငွေနဲ့ ပြန်လည်ရောင်းချတဲ့ စျေးကွက်ကလည်း ကြီးမားလာပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ အယောင်ပြ ဥပဒေအမိန့်တွေကို ရွတ်ဆိုပြခဲ့ပေမဲ့ ဒီငွေသားစျေးကွက်ကို ဖြေရှင်းနိုင်ခြင်းမရှိပါဘူး။ ကိုယ့်ဘဏ်အကောင့်ထဲကငွေကို ကိုယ်ပြန်ထုတ်ယူဖို့ ဘဏ်တိုင်းရဲ့ရှေ့မှာ နေ့စဉ် လူပေါင်းရာချီ တန်းစီစောင့်ဆိုင်းနေရပါတယ်။ ATM စက်များစု အလုပ်မလုပ်တော့ပါဘူး။ Digital Money တွေကနေ ငွေသားအဖြစ်ပြောင်းလဲဖို့အတွက် အနည်းဆုံး ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းအထိ ပေးမှ ငွေသားအဖြစ် ထုတ်ယူရရှိနိုင်တဲ့ စျေးကွက်ဟာ ကြီးမားလာခဲ့ပါတယ်။
ATMတွေကနေသာ လစာပေးချေနေတဲ့ စက်ရုံအလုပ်ရုံက လုပ်သားတွေကဘဝနဲ့ လစဉ်ဝင်ငွေနည်းပါးစွာ ရပ်တည်နေရတဲ့ ပြည်သူတွေအတွက်ကတော့ တကယ့်ကို ခေါင်းပုံဖြတ်ခံရတဲ့ အပြုအမှုပါပဲ။ ဒီလိုအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်က ဗဟိုဘဏ် ဘာအာမခံချက် မပေးနိုင်ဘဲ။ ငွေသားထုတ်ပေးခြင်းကိုသာ ကန့်သတ်ဖို့ ဇွတ်တိုးလုပ်ဆောင်နေစေပါတယ်။ ငွေသားလက်ဝယ်နည်းပါးနေတာကို ဖုံးကွယ်နိုင်ဖို့ လုပ်နေရင်း အမှားတွေကို ပိုလုပ်ဆောင်လာတာကြောင့် ပြည်သူတွေဘဝ ပိုမိုခက်ခဲသွားနေတယ်လို့ နယ်ပယ်စုံက လုပ်ငန်းရှင်တွေက ဆိုပါတယSaving Deposit Account တွေကနေ ငွေပြန်ထုတ်ဖို့ တောင်းဆိုလာရင် ထုတ်မပေးဘဲ အခြား Account တစ်ခုကို လွှဲပြောင်းစေတာ Digital Paymentတစ်ခုခုကို လွှဲပြောင်းစေပြီး တစ်ပတ်တာအသုံးစရိတ်အနည်းငယ်ကို ထုတ်ယူစေတာတွေလုပ်ဆောင်ဖို့ဆို ညွှန်ကြားချက်ဟာ အတော်ကို အရုပ်ဆိုးစေပါတယ်။
“Saving Depositဖွင့်တယ်ဆိုတာက Joint ဖွင့်လို့ရတာ တစ်နှစ်ကိုအနည်းဆုံး ၅ရာခိုင်နှုန်းအတိုးရ ၃လတစ်ကြိမ်အတိုးထုတ်ရ၊ အဲ့အတိုးကိုမှ မထုတ်ရင် အတိုးအရင်းပေါင်းပေးတဲ့ ဝန်ဆောင်မှုမျိုးရလို့၊ ပြီးတော့ကိုယ်တိုင်ငွေမထုတ်အားရင် ကိုယ်စားလှယ်လွှဲစာနဲ့ရတာမျိုး၊ တစ်ပတ်တစ်ကြိမ် ငွေထုတ်ခွင့်ရတာမျိုးတွေရော တခြားဝန်ဆောင်မှုတွေ အများကြီးအသုံးပြုလို့ရလို့ ဖွင့်ကြတာများတယ် အဓိက ငွေမလိုသေးရင် အတိုးရမယ် ငွေလိုရင် တစ်ပတ်ကို တစ်ကြိမ်ထုတ်ခွင့်ရမယ်အဲ့ဒါတွေကြောင့် ဖွင့်ကြတာ အခုလို ထုတ်မရဘူးဆို ဘယ်သူအပ်မလဲ၊ အဲ့ဝန်ဆောင်မှုတွေက အခုမရတော့ဘူးဆိုတော့ ထုတ်ပြီပေါ့၊ Time deposit လည်းတူတူပဲအချိန်မရောက်ပဲ ကြားထဲမှာ လုံးဝထုတ်မပေးဖို့ ‌ငွေသားလက်ထဲမရှိလို့ စားစရာ မရှိသေရေးရှင်ရေးဖြစ်နေရင်တောင် ထုတ်မပေးတော့ဘူး ငွေစုစာအုပ်ကြီးကိုင်ပြီး တောင်းစားနေရမှာ အပ်ထားတဲ့ အချိန်မစေ့မချင်း ငွေသားလဲတဲ့ ပွဲစားတွေအတွက်ကတော့ ပွဲကြီးပွဲကောင်းပဲ ဘဏ်စာအုပ်ပေါင်တဲ့ စျေးကွက်လေး ဖော်ပေးတာပေါ့ ကျန်တဲ့ ဟာတွေလည်း အဲ့ အတိုင်းပဲ ဘဏ်ထဲက ငွေတွေကို ငွေစာရင်းလွှဲပြောင်းတာတွေ payment order တွေ account transfer တွေနဲ့ပဲ ပေးခိုင်းတော့မှာ။ ဒါပေမယ့် လက်တွေ့မှာတော့ ဘာတွေဖြစ်ကုန်မလဲဆိုတော့ ငွေသားပဲပေး မှ လုပ်ငန်းလုပ်မယ် ဒါမှ မဟုတ် ငွေသားဆိုရင် စျေးတမျိုး ၊ စာရင်းပြောင်းဆို စျေးတမျိုး ပေါ့ ။ ဘဏ်နဲ့ အလုပ်လုပ်နေတဲ့ Marchant တွေကိုလည်း တဝက် ငွေသား တဝက်က တော့ digital transfer နဲ့ပဲရတော့မယ် ဘဏ်နဲ့ marchant တွေကြား ယုံကြည်မှုကတော့ သွားပြီ အဓိကက ဗဟိုဘဏ်မှာ ငွေသားမရှိတော့လို့ digital payment ကို အသည်းအသန် ပြောင်းချင်နေတဲ့ အတွက် တိုက်လိုက်တဲ့ ဆေးခါးကြီးလို့ ပဲ ပြောရတော့မှာပဲ”လို့ စီးပွါးရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာ လုပ်ငန်းတွေအတွက် တင်ဒါအောင်တဲ့ လုပ်ငန်းရှင်တွေကို ငွေသားထုတ်မပေးတော့ဘဲ account transferပဲ ပေးဖို့ ထည့်သွင်းလုပ်ဆောင်လိုက်တာဟာ ပိုမိုဆိုးဝါးသွားစေရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သားခဟာ လုပ်ငန်းတစ်ခုရဲ့ အနည်းဆုံး ၃၀ရာခိုင်နှုန်းရှိပါတယ်။ လုပ်သားခတွေကို digital payment နဲ့ပေးလို့မရပါဘူး။
“Kpayနဲ့ နေ့စားခကိုရှင်းပေးရင် အဲ့အလုပ်သမားက ကျွန်တော့်ကို သန်လျက်နဲ့ခုတ်သွားမှာပေါ့ဗျ ရတဲ့ပိုက်ဆံကနည်းနည်း Waveကနေရှင်းမယ်လို့ သွားလုပ်လို့မှမရတာ အဲ့လိုရှင်းလို့ရဦးတောင် သူကဘယ်မှာသွားထုတ်မလဲ ထုတ်ရရင်တောင် ၁၀ရာခိုင်နှုန်းလောက်က တောင်းနေတာ တစ်နေ့မှ တစ်သောင်းလောက်ရတဲ့သူက တစ်ထောင်လောက်အဖြတ်ခံရရင် သေပြီလေ၊ စျေးထဲမှာလဲ ကန်ဇွန်းရွက်တစ်စီး Waveနဲ့ပေးမယ်လို့ လုပ်လို့မရဘူး၊ ကျွန်တော်တို့ကရော ဘယ်မှာငွေသားသွားထုတ်ရမလဲ အရူးတွေ”လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
လူထုယုံကြည်မှုပျောက်ဆုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ လက်နက်နဲ့သာ ခြိမ်းခြောက်ခိုင်းတတ်ပေမဲ့ ပညာမတတ်တဲ့အကျိုးဆက်ဟာ ဆုတ်ယုတ်လာတဲ့ ဘဏ်လုပ်ငန်းကို Digital Payment နဲ့အစားထိုးစေပေမဲ့ လူထုက ယုံကြည်မှုမရှိတာကြောင့် အောင်မြင်စွာ ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ငွေကိုငွေနဲ့ရောင်းဝယ်နေတဲ့ စျေးကွက်ဟာ ပိုပြီးတော့ ကြီးမားနေဦးမှာဖြစ်ပါတယ်။