ဗိုလ်ထွန်းတောက်နိုင် တကယ်အဖမ်းခံရတာလား

မန္တလေးမြို့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (PDF)ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ထွန်းတောက်နိုင်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ အကြမ်းဖက်စစ်အုပ်စုက သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်ထွန်းတောက်နိုင် (ခေါ် ) ကိုဝေယံလင်း၊ ကိုရန်လင်းအောင် (ခေါ် ) မိုးတိမ်၊ ကိုစိုင်းသက်ပိုင်ထွန်းနဲ့ ကိုမျိုးမင်းထွန်းတို့ကို M-79 LL လောင်ချာ ၄၀လက်၊ 779 Pading လောင်ချာ ၁၀လက်၊ K 2-5 ၃၂လက်၊ ၄၀ မမ ဗုံးသီး ၁၄၇၃လုံး၊ ရီမုမိုင်းခလုပ်စုံ ၃၅ခု၊ ယမ်းကြိုး ၁၀၀မီတာ၊ မီးရှို့ဒီတိုနီတာ ၁၀၀၀ခု၊ လျှပ်စစ်ဒီတိုနီတာ ၂၀၀၀ခု၊ ယမ်းမှုန့်ထုပ် ၁၂၄၁၂၅ ကီလိုဂရမ်၊ လက်ပစ်ဗုံးအစိမ်းရောင် ၄၉၉လုံးအပါအဝင် အခြားဆက်စပ်ပစ္စည်းတွေနဲ့ အတူတူ ဖမ်းဆီးရမိတယ်လို့ အကြမ်းဖက်စစ်အုပ်စုက သတင်းထုတ်ပြန်ပါတယ်။

RFAရဲ့ သတင်းတစ်ပုဒ်မှာလည်း ဗိုလ်ထွန်းတောက်နိုင် အဖမ်းခံရတယ်ဆိုတာ မှန်ကန်တယ်လို့ မန္တ​လေး PDFအဖွဲ့ဝင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ သတင်းတစ်ပုဒ်ကို ဇွန်လ ၂၄မနက်အစောပိုင်းမှာ ထုတ်လွှင့်ထားပါတယ်။

People Defence Force Mandalay – Mdy-PDF ကတော့ ဇွန်လ ၂၃ရက်နေ့ ညပိုင်းမှာ ယာယီ unpublish ပြုလုပ်ခဲ့ပြီးနောက် ဗိုလ်ထွန်းတောက်နိုင် အန္တရာယ်ကင်းစွာ ရှိနေပြီး အဖွဲ့ရဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲအချို့ကို ဖြေရှင်းနေတာကြောင့် ယာယီ unpublish လုပ်ခဲ့တာလို့ ဒီ​နေ့ ရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် MPDFနဲ့ ပက်သက်ပြီး စိုးရိမ်ပူပန်ပေးနေကြတဲ့ မိဘပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ MPDF သတင်းတွေကို Mdy-PDF ရဲ့ Facebook Page ကနေပဲ သတင်းတွေကို ထုတ်ပြန်ပေးမှာဖြစ်ပြီး ဘယ်အင်တာဗျူးကိုမှ ဖြေကြားပေးသွားတော့မှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံရတာကြောင့် နောက်ဆက်တွဲအနေနဲ့ လက်နက်အများအပြားသယ်ဆောင်လာနေတာကိုပါ ဖမ်းဆီးရမိတယ်လို့ အကြမ်းဖက်စစ်အုပ်စု ထောက်ခံသူတွေက သတင်းတွေလည်း ဖြန့်ချီနေပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်တဲ့ လက်နက်တွေ ဖမ်းဆီးရမိတဲ့ သတင်းတွေနဲ့ ပက်သက်ပြီး တပ်မတော်ဗိုလ်ကြီးအဆင့်မှ နှုတ်ထွက်လာခဲ့သူ တစ်ဦးက အခုလိုသုံးသပ်ပါတယ်။

“စစ်အုပ်စုက ဖမ်းမိတယ်လို့ဆိုတဲ့ လက်နက်စာရင်းက မြန်မာငွေဆို သန်းပေါင်းမနည်းတန်ဖိုးရှိတယ်၊ အဲ့လက်နက်စာရင်းအရဆိုရင် ကျွန်တော် တပ်ထဲမှာရှိတုန်းကတောင် ကျွန်တော်တို့ တပ်ရင်းမှာ အဲ့လောက် လက်နက်များများ မရှိဘူး၊ အဲ့ဒီလက်နက်စာရင်းအရဆိုရင် မန္တလေးတစ်မြို့လုံးကို ကောင်းကောင်းသိမ်းလို့ရတယ် ပြောက်ကျားချထားပြီး ထိန်းချုပ်လို့ရတယ်၊ အဲ့ကောင်တွေ ထုတ်ပြန်တာ မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်တယ်၊ ဒီလောက် လက်နက်အများကြီးကို တစ်နေရာထဲမှာ စုထားရအောင်လည်း ငပေါတွေမှ မဟုတ်တာ၊ ဒါစိတ်ဓာတ်စစ်ဆင်ရေး လုပ်တဲ့ သဘောမျိုး”လို့ သူက​ပြောပါတယ်။

“RFA သတင်းကစတက်လာတယ် ဗိုလ်ထွန်းတောက်နိုင်ပါသွားတယ်လို့ပေါ့ နောက် မန္တလေး PDFရဲ့ Pageက ခဏရပ်သွားတယ် ပြီးတော့မှာ လွတ်မြောက်ပါတယ်လို့ သတင်းထုတ်ပြန်တယ်၊ အကုန် သို့လော သို့လော ဖြစ်ကုန်တာပေါ့၊ တကယ်ပါသွားလို့များ Page ကရပ်သွားတာလား၊ စစ်အုပ်စုရဲ့ ထောက်လှမ်းရေးက တကယ်ဖမ်းမိပြီး Pageကိုပါ ရလိုက်တာလားဆိုတာမျိုး သံသယတွေဖြစ်ကုန်ကြတယ်၊ ဒီတော်လှန်ရေးအတွင်းမှာ အားလုံးက သတိပြု သိုသိပ်နေကြဖို့လိုတယ်၊ တစ်ဖက်ကလည်း သတင်းအမှားတွေ တမင်ကို ထုတ်ပြန်မှာပဲ ကိုယ့်ဖက်ကလည်း သူ့ဖက်ဖြစ်ဖြစ် ကိုယ့်ဖက်ဖြစ်ဖြစ် စိစစ်ပြီးမှ သတိထားဆက်ဆံဖို့လိုမယ်”လို့ Fact Checker တစ်ဦးကပြောပါတယ်။