ကုလဆုံးဖြတ်ချက်ကို အကြမ်းဖက်စစ်အုပ်စုတုံ့ပြန်

၁၉ ၊ ဇွန်လ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံကို လက်နက်စီးဝင်မှုလျော့ချဖို့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံအချုပ်အခြာအာဏာကို ထိပါးပြီး ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ရာရောက်တာကြောင့် ကန့်ကွက်တယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဒီနေ့ (ဇွန်လ ၁၉ရက်) မှာ ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် ကုလဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးတာအပြင် မြန်မာနိုင်ငံကိုယ်စားမဲပေးတာကိုလည်း ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၈ရက်နေ့က ပြုလုပ်တဲ့ ကုလအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို လက်နက်စီးဝင်မှုလျော့ချရေး တောင်းဆိုချက်ကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၁၉မဲ ၊ ကန့်ကွက်မဲ တစ်မဲ ၊ ကြားနေ ၃၆မဲနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အဲဒီအဆိုမူကြမ်းကို လိုက်ချက်စတိုင်းနိုင်ငံနဲ့ တခြား (၅၃)နိုင်ငံတို့ စုပေါင်းကာ မေလအစောပိုင်းကတည်းက တင်သွင်းခဲ့တာဖြစ်ပြီး တလကျော်ကြာ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြရပါတယ်။

ကုလအတည်ပြုချက်မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို တရားဝင်အစိုးရလို့ မရည်ညွှန်းပဲ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များလို့သာ သုံးနှုန်းဖော်ပြထားပါတယ်။