မြောက်ကိုရီးယားသတင်း Reuters သတင်းဌာန မှားယွင်းဖော်ပြ

၁၇ ၊ ဇွန်လ ၊ ၂၀၂၁ ။

မြောက်ကိုရီးယားက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃သိန်း ကုလသမဂ္ဂကို လှူဒါန်းခဲ့တယ်လို့ Reuters သတင်းဌာနကို ကိုးကားပြီး နိုင်ငံတကာသတင်းဌာနအများစုက ဒီနေ့ ဇွန်လ ၁၇ရက်နေ့မှာ ဖော်ပြခဲ့ကြတာပါ။

နောက်ပိုင်းမှာတော့ ဒါဟာ သတင်းအမှားဖြစ်ပြီး မြောက်ကိုရီးယားမဟုတ်ပဲ တောင်ကိုရီးယားက လှူတာဖြစ်တယ်လို့ ကုလလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ပါတယ်။

ကုလဦးဆောင်တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထောက်ပံ့မယ့် အစီအစဉ်မှာ တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ကိုးသိန်းလှူဒါန်းခဲ့တာပါ။


ကုလငွေကြေးဆိုင်ရာ စာရင်းတွေ ဖော်ပြချက်အရ မြန်မာနိုင်ငံလူသားချင်းစာနာမှု ရန်ပုံငွေအတွက် ကနဦးအမေရိကန်ဒေါ်လာ သုံးသိန်းလှူထားတဲ့ တောင်ကိုရီးယားဟာ မေလ ၂၄ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၆သိန်း ထပ်မံလှူခဲ့တယ်လို့ သိရပါတယ်။

အဲဒီရန်ပုံငွေက ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၆သန်းလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အစိုးရအဖွဲ့ဝင်အများအပြား ဖမ်းဆီးခံထားရပြီး အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်ကြောင့် သေဆုံးသူဦးရေ ၈၀၀ကျော်ရှိလာပါပြီ။