အမေရိကန် ကုလဆီ ပေးရမယ့်အကြွေးတွေထဲက ဒေါ်လာ ၇၂၅ သန်း ပေးချေဖို့ပြင်ဆင်နေ

“အမေရိကန်ဘက်က ထပ်ပြီး ငွေမသွင်းဘူးဆိုရင် လာမယ့် ဇန်နဝါရီလမှာ မဲပေးခွင့် ဆုံးရှုံးသွားနိုင်တယ်”
၂၂ ၊ ဩဂုတ်

အမေရိကန်အစိုးရဟာ ကုလသမဂ္ဂဆီ ဒေါ်လာ ၇၂၅ သန်း လွှဲပေးဖို့ လုပ်ငန်းစဉ်တွေ စတင်နေပြီလို့ Reuters သတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ ကွန်ဂရက်လွှတ်တော် အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ ဒေါ်လာဘီလီယံနဲ့ချီတဲ့ ကြွေးကျန်တွေကို ပြန်ဆပ်ဖို့အတွက် ကောင်းမွန်တဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ အကူအညီပေးရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

အကူအညီပေးရေး အေဂျင်စီ တော်တော်များများကို ဘတ်ဂျက်ဖြတ်တောက်ခဲ့ပြီး ကုလကိုလည်း မျှော်မှန်းထားသလို စွမ်းဆောင်ရည်မရှိဘူးလို့ မကြာခဏ ဝေဖန်လေ့ရှိတဲ့ အမေရိကန်အစိုးရဘက်ကတော့ ဒီလို ပိုက်ဆံပေးချေရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ချက်ချင်း ရေရေရာရာ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

သတင်းမထုတ်ပြန်ရသေးတဲ့ ဩဂုတ် ၄ ရက်စွဲပါ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကွန်ဂရက်လွှတ်တော် အကြောင်းကြားစာမှာ ဖော်ပြထားတဲ့ ဒီငွေကြေးလွှဲပြောင်းမှုကို နောက်လ နယူးယောက်မှာ ကျင်းပမယ့် ကုလညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိန့်ခွန်းမပြောမီ အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံတွေဘက်က ထည့်ဝင်ငွေတွေ မရတာကြောင့် ကုလဟာ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပြီး ဘတ်ဂျက်တွေကို အတော်လေး ဖြတ်တောက်ခဲ့ရပါတယ်။

ကုလဘက်က ပြီးခဲ့တဲ့ မေလတုန်းက အမေရိကန်ဆီက ဒေါ်လာ ၄ ဘီလီယံကျော် ရစရာရှိတယ်လို့ ပြောထားပေမဲ့ အခု ပေးချေမယ့် ဒေါ်လာ ၇၂၅ သန်းဟာ ရစရာရှိတာရဲ့ ၂၀ ရာခိုင်နှုန်းတောင် မပြည့်သေးပါဘူး။ အမေရိကန်ဘက်ကတော့ ပေးစရာရှိတဲ့ ပမာဏဟာ ဒီထက် အများကြီး လျော့နည်းပြီး အချို့ငွေတွေကိုလည်း ပေးချေထားပြီးဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကုလအရာရှိဟောင်းတဦးဖြစ်သူ ယိုဂျင်းချန်ကတော့ ဒီလို ငွေလွှဲပေးလိုက်တာဟာ ကုလဝန်ထမ်းတွေရဲ့ လစာပေးဖို့ ကာလတစ်ခုစာ လုံလောက်သွားစေမှာဖြစ်ပေမဲ့ အားလုံးအတွက်တော့ မလောက်နိုင်သေးဘူးလို့ ဆိုပါတယ်။ “ဒါဟာ သင်္ဘောကြီး မြုပ်မသွားဘဲ ခဏလောက် ထပ်မြောနေနိုင်အောင် လုပ်ပေးလိုက်တာပါပဲ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် “အမေရိကန်ဘက်က ထပ်ပြီး ငွေမသွင်းဘူးဆိုရင် လာမယ့် ဇန်နဝါရီလမှာ မဲပေးခွင့် ဆုံးရှုံးသွားနိုင်တယ်” လို့လည်း သူက ထပ်လောင်းပြောခဲ့ပါတယ်။

ကုလပဋိညာဉ် စာချုပ် ပုဒ်မ ၁၉ အရ အဖွဲ့ဝင်နိုင်ငံတခုဟာ ပေးသွင်းရမယ့် ၂ နှစ်စာ အကြွေးကျန်နေရင် အထွေထွေညီလာခံမှာ မဲပေးခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး သက်ညှာခွင့် ကာလတော့ ရနိုင်ပါတယ်။

အမေရိကန်ဟာ ကုလဘတ်ဂျက်အတွက် အများဆုံး ထည့်ဝင်နေတဲ့ နိုင်ငံဖြစ်ပေမဲ့ ထရမ့်အစိုးရလက်ထက်မှာတော့ မဖြစ်မနေ ပေးသွင်းရမယ့် ပုံမှန်ဘတ်ဂျက်တွေနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဘတ်ဂျက်တွေကို မပေးဘဲ ငြင်းဆန်ထားသလို၊ သီးသန့်ဘတ်ဂျက်နဲ့ လည်ပတ်နေတဲ့ UN အေဂျင်စီတွေကိုလည်း စေတနာကြေး ထောက်ပံ့တာတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ ကုလနဲ့ အခြား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တော်တော်များများကနေလည်း နှုတ်ထွက်ထားပါတယ်။

Ref – Reuters

#အမေရိကန် #ကုလ #ကြွေးကျန်
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း