မလေးရှားမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးမှု ပြင်းထန်လာနေ

သွေးလွန်တုပ်ကွေး ကာကွယ်ဆေးဟာ ပိုပြီး စျေးသက်သာတဲ့ အခြားကာကွယ်ဆေးတွေ၊ အထူးသဖြင့် တုပ်ကွေး (Flu) ကာကွယ်ဆေးတွေနဲ့ စျေးကွက်ပြိုင်နေရတယ်လို့လည်း ပြောပါတယ်။

၂၂ ၊ ဩဂုတ်

ဒီနှစ်အတွင်း မလေးရှားမှာ သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၅၆.၂ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပြီး ခုချိန်ထိ ကူးစက်သူ ၅၈,၀၇၉ ယောက်နဲ့ သေဆုံးသူ ၅၅ ယောက်အထိ ရှိနေပြီဖြစ်ပေမဲ့ ကာကွယ်ဆေးထိုးနှံမှုနှုန်းကတော့ နည်းပါးနေပါသေးတယ်။

မလေးရှား ပုဂ္ဂလိကဆရာဝန်များအသင်း မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ရှန်မူဂါနသန်‌က ကာကွယ်ဆေးထိုးသူ နည်းရတဲ့ အကြောင်းရင်းတွေထဲမှာ ကုန်ကျစရိတ်များတာလည်း တခုပါဝင်တယ်လို့ ပြောပါတယ်။

ဆေးရုံ/ဆေးခန်းပေါ်မူတည်ပြီး ကာကွယ်ဆေး နှစ်ကြိမ်စာ ကုန်ကျစရိတ်ဟာ ရင်းဂစ် ၄၂၀ ကနေ ၅၀၀ ကြား (အမေရိကန်ဒေါ်လာ ၁၀၄ ကနေ ၁၂၄ ဒေါ်လာနီးပါး) အထိ ရှိနိုင်ပြီး အထွေထွေရောဂါကု ဆေးခန်းတွေမှာတော့ စျေး ပိုသက်သာလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဆေးခန်းတွေဟာ ဆေးရုံကြီးတွေလောက် လူသိများအောင် ကြော်ငြာတာမျိုး မလုပ်နိုင်ကြပါဘူး။

ဒါ့အပြင် သွေးလွန်တုပ်ကွေး ကာကွယ်ဆေးဟာ ပိုပြီး စျေးသက်သာတဲ့ အခြားကာကွယ်ဆေးတွေ၊ အထူးသဖြင့် တုပ်ကွေး (Flu) ကာကွယ်ဆေးတွေနဲ့ စျေးကွက်ပြိုင်နေရတယ်လို့လည်း ပြောပါတယ်။

“ဒီကလူတွေ၊ အထူးသဖြင့် ခရီးသွားကြတဲ့သူတွေဟာ ရင်းဂစ် ၁၀၀ အောက်ပဲကျသင့်တဲ့ တုပ်ကွေးကာကွယ်ဆေးကိုပဲ ပိုရွေးချယ်ကြပြီး စျေးကြီးတဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးကိုတော့ မထိုးကြဘူး” လို့ ဒေါက်တာ ရှန်မူဂါနသန်က ပြောပြခဲ့ပါတယ်။

ဒီကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ခုခံအားကျဆင်းနေတဲ့ လူနာတွေကို ထိုးပေးလို့မရဘဲ အသက် ၄ နှစ်ကနေ ၆၀ အထိ ရှိသူတွေကိုပဲ ထိုးနှံဖို့ အကြံပြုထားတယ်လို့လည်း အကျယ်တဝင့် ရှင်းပြခဲ့ပါတယ်။

မလေးရှား သွေးလွန်တုပ်ကွေး ကာကွယ်ရေးဆိုင်ရာ တိုက်တွန်းဆော်ဩရေးအဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ပါမောက္ခ ဇမ်ဘရီ ဆီကာဝီ ကတော့ အခြားကာကွယ်ဆေးတွေလိုပဲ တချို့ တွန့်ဆုတ်နေကြတာတွေ ရှိပေမဲ့ ကာကွယ်ဆေးထိုးသူ နည်းနေတာကို ကာကွယ်ဆေး ဆန့်ကျင်ရေးဝါဒ ကြောင့်လို့တော့ တိုက်ရိုက်ကောက်ချက်မချဖို့ သတိပေးထားပါတယ်။

“လေ့လာတွေ့ရှိချက်တွေအရ မလေးရှားနိုင်ငံသား အတော်များများဟာ ဆန့်ကျင်နေကြတာ မဟုတ်ဘဲ ဝေခွဲမရသေးတာပါ။ သူတို့က ကာကွယ်ဆေး ဘယ်လောက်ထိရောက်မှုရှိလဲ၊ ရေရှည်ဘေးကင်းရဲ့လားဆိုတာနဲ့ မိသားစုဆရာဝန်ရဲ့ အကြံပြုချက်တွေကိုပဲ သိချင်ကြတာပါ” လို့ ဆိုကာ ပြည်သူတွေအနေနဲ့ ဒီကာကွယ်ဆေးအကြောင်း ဗဟုသုတ သိရှိမှု နည်းနေသေးတယ်လို့ သုံးသပ်ခဲ့ပါတယ်။

လေ့လာဆန်းစစ်ချက်တွေအရ လူတွေဟာ ဆေးရဲ့ သက်ရောက်မှုတွေကို စနစ်တကျ နားလည်လာပြီး ဆရာဝန်တွေကပါ ထိုးဖို့ တိုက်တွန်းလာတဲ့အခါ ကာကွယ်ဆေး လက်ခံထိုးနှံမှုနှုန်း သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်လို့လည်း ပါမောက္ခက ဆိုပါတယ်။

“ကျန်းမာရေးဆိုင်ရာ ပညာပေးမှုတွေ ပိုလုပ်ပေးဖို့ လိုသလို၊ အရေးကြီးတာက ဆရာဝန်တွေကလည်း သွေးလွန်တုပ်ကွေး ကာကွယ်ရေးနဲ့ ကာကွယ်ဆေးအကြောင်း လူနာတွေနဲ့ ယုံကြည်ချက်ရှိရှိ ဆွေးနွေးပေးနိုင်ဖို့ လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒေသတွင်း သတင်းထောက်တွေက ပုဂ္ဂလိက ကျန်းမာရေးဌာနအသီးသီးမှာ သွားရောက်စုံစမ်းကြည့်ရာမှာတော့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး နှစ်ကြိမ်စာအတွက် ရင်းဂစ် ၄၈၀ အထိ ကုန်ကျနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီကာကွယ်ဆေးကို အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ်ထဲ ထည့်သွင်းဖို့ လက်ရှိအချိန်ထိ အစီအစဉ်မရှိသေးဘူးလို့ ပြီးခဲ့တဲ့နှစ်က ပြောကြားထားပါတယ်။

Ref – The Star

#မလေးရှား #သွေးလွန်တုပ်ကွေး #ပြင်းထန်
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း