
“အဓိကတော့ စားစရာလိုတယ်ဗျ။ နောက် သောက်ရေ၊ သုံးရေလိုတယ်။ ခေါက်ဆွဲတို့၊ ရေတို့၊ အမျိုးသမီးလစဉ်သုံးတို့ လာလှူပေးစေချင်တယ်။ အလှူရှင်တွေအနေနဲ့ လာလှူမယ်ဆိုရင် ဒါတွေလိုပါတယ်”
၂၂၊ ဩဂုတ်။
ဧရာဝတီတိုင်း ၊ ငါးသိုင်းချောင်းမြို့မှာ ဩဂုတ်လ ၂၁ ရက် မနေ့က ညပိုင်းမှာ ရေထပ်တက်လာတဲ့အတွက် ရေဘေးရှောင် စခန်းတွေ ထပ်မံပြောင်းရွှေ့ဖို့နဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
“ရေက ကျောင်းပေါ်ထိ ရောက်တော့မယ်။ မရွှေ့ရင် အန္တရာယ်များတယ်။ အခု တဲဆောက်နေဖို့ တာလပတ်တွေ အဓိကလိုနေတယ်။ ဝါးတိုင်တွေလည်း လိုပါတယ်” လို့ ငါးသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။
ငါးသိုင်းချောင်းမြို့ ကျောင်းကြီးကျောင်းတိုက်မှာ ရေဘေးခိုလှုံနေခဲ့ရာကနေ ကျောင်းတိုက်အတွင်းကိုပါ ရေတွေဝင် ရောက်လာတာကြောင့် ရေလွတ်တဲ့ ငဝန်တာပေါ်သို့ ထပ်မံပြောင်းရွှေ့ဖို့လိုအပ်နေတာပါ။ လက်ရှိမှာ အိမ်ထောင်စု ၄၃ စုဟာ တာပေါင်ပေါ် ရွေ့ပြောင်း၊ တဲထိုးနေထိုင်ဖို့ တာပေါ်လင်စတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
တာကျိုးပေါက်ထားတဲ့ လေးမျက်နှာမြို့အနီးတဝိုက် ရေပြန်ကျနေပေမယ့် မြစ်ကနေ ကျော်ဝင်ထားပြီးဖြစ်တဲ့ ရေ တွေဟာ အနိမ့်ပိုင်းဒေသတွေဖြစ်တဲ့ ငါးသိုင်းချောင်း၊ ရေကြည်မြို့ဘက်ဆီ စီးဆင်းလာတာကြောင့် အခုလို ရေတက် နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ငါးသိုင်းချောင်းမြို့ခံတွေဟာ မြို့တွင်း ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြသလို အချို့ကတော့ သူတို့ နေအိမ်တွေ မှာပဲ အဆင်ပြေသလိုနေကြကာ ရေသန့်၊ ဆေး၊ အစားအစာတွေ လိုအပ်နေတယ်လို့ ငါးသိုင်းချောင်းမြို့မှာ ကူညီပေေနေသူတွေက ပြောကြပါတယ်။
“အဓိကတော့ စားစရာလိုတယ်ဗျ။ နောက် သောက်ရေ၊ သုံးရေလိုတယ်။ ခေါက်ဆွဲတို့၊ ရေတို့၊ အမျိုးသမီးလစဉ်သုံး တို့ လာလှူပေးစေချင်တယ်။ အလှူရှင်တွေအနေနဲ့ လာလှူမယ်ဆိုရင် ဒါတွေလိုပါတယ်” လို့ ငါးသိုင်းချောင်းမြို့မှာ အထိုင်ချကူညီနေသူတဦးက ပြောပါတယ်။
ငါးသိုင်းချောင်းမြို့မှာ မြစ်ရေဟာ တရိပ်ရိပ်တက်လာနေတာဖြစ်ပြီး ကုန်းမြင့်နေရာဖြစ်တဲ့ မြို့လယ်လမ်းမကြီးမှာ သုံးပေကျော်ထိ ရေတက်နေပြီဖြစ်ကာ အချို့အနိမ့်ပိုင်းတွေမှာလူတရပ်ဝန်းကျင် ရေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
#ငါးသိုင်းချောင်း #မြစ်ရေတက် #ရေဘေးရှောင်စခန်း
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ