
“ဘာလုံခြုံရေးအတွက်မှ မဟုတ်ဘူး။ ဂွင်ဖန်ဖို့ သက်သက်ပဲ။ ပိုက်ဆံပေးနိုင် အကုန်ဖြတ်လို့ ရတယ်”
၂၀၊ဩဂုတ်
ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် ချိတ်ဆက်ထားတဲ့ လမ်းပိုင်းမှာ စစ်ဆေးရေးဂိတ် အသစ်တွေ ထပ်တိုးလာတဲ့အတွက် မလိုအပ်ပဲ ခရီးနှောင့်နှေးတာအပြင် ငွေညှစ်ခံရတာတွေ ရှိနေပါတယ်။
ထိုင်းနိူင်ငံနဲ့ ကုန်စည်စီးဆင်းမှု အဓိကကျတဲ့ လမ်းပိုင်းဖြစ်သလို နယ်မြေမလုံခြုံတာကို အကြောင်းပြုပြီး စစ်ဆေးရေးဂိတ် အများအပြား ချထားတဲ့ကြားက နောက်ထပ်ဂိတ် အသစ်တွေ ထပ်တိုးဖွင့်လာတာလို့ ဆိုပါတယ်။
” ဂိတ်တွေတအားများနေတာကို ထပ်ထပ်ပြီး ဂိတ်အသစ်တွေ တိုးလာတာ။ ဂိတ်တခုပြီးတခု ဖြတ်နေရတာနဲ့တင် ခရီးက မကြာသင့်ပဲ ကြာနေရတယ် ” လို့ ပုံမှန်သွားလာနေကြကုန်သည်တဦးက ပြောပါတယ်။
အဲဒီလမ်းပိုင်းမှာ ဘားအံမြို့အထိ နဂိုစစ်ဆေးရေးဂိတ်၄၀ နီးပါးရှိတာဖြစ်ပြီး မွန်ပြည်နယ်အပိုင် နယ်နမိတ်ထဲ နောက်ထက် ဂိတ် ၅ ခုလောက် ထပ်တိုးလာတာလို့ ယာဥ်မောင်းတွေက ဆိုပါတယ်။
“မလိုအပ်ပဲကို ဂိတ်တွေဖွင့်ထားတာ။ ပထမ သူတို့ရွေးကောက်ပွဲပြီးရင် ဂိတ်တွေပိတ်မယ် သတင်းထွက်လို့ အဟုတ်မှတ်နေတာ။ ပိုတောင်များလာသေးတယ် ” လို့ အဲဒီလမ်းပိုင်းမှာ ပုံမှန်အသုံးပြု သွားလာနေသူ တဦးက ပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေက လုံခြုံရေးအ ကြောင်းပြပေမယ့် မြဝတီကနေ သယ်လာတဲ့ ထိုင်းကုန်စည်တွေနဲ့ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးငွေညှစ်တာ၊ လိုင်းကြေးယူတာတွေ အဓိက လုပ်နေတာလို့ ခရီးသွားတွေက ပြောပါတယ်။
“ဘာလုံခြုံရေးအတွက်မှ မဟုတ်ဘူး။ ဂွင်ဖန်ဖို့ သက်သက်ပဲ။ ပိုက်ဆံပေးနိုင် အကုန်ဖြတ်လို့ ရတယ်” လို့ ရန်ကုန်- မြဝတီ ကားသေးယာဥ်မောင်းတဦးက ပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့ဖက် သွားမယ့်ကားပေါ်က လူငယ်တွေကို ဂိတ်တွေမှာ တောက်လျှောက်စစ်ပြီး ဘာအကြောင်းပြချက်မှ မရှိပဲ ပိုက်ဆံထောင်ဂဏန်းလောက်ပေးမှ ထွက်ခွင့်ပေးတာတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ သူတွေက ပြောပါတယ်။
#ပဲခူး #မွန် #စစ်ဆေးရေးဂိတ် #ထပ်တိုး
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ