
“၁၀ ယူနစ်စာ မဖြစ်မနေ ပေးရမယ်ဆိုတာ သိပ်တော့ သဘာဝမကျဘူး။ သူတို့စိတ် ကြိုက်လုပ်နေတာ။ ရေမလာတဲ့ ရက်တွေအတွက်ရော ဘာလုပ်ပေးမှာလဲ ”
၁၉၊ဩဂုတ်
ရေသုံးစွဲမူအတွက် ကျသင့်ငွေ ကောက်တဲ့ပုံစံ ပြောင်းပြီး စျေးတိုးမြှင့်လိုက်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ(YCDC)၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က အသိပေးကြေညာပါတယ်။
နေအိမ်တွေမှာ သောက်သုံးရေ သုံးစွဲတာကို အခြေခံရေ သုံးစွဲမှုအဖြစ် လစဉ် ၁၀ ယူနစ် ၊ စီးပွားသုံးအတွက် ၂၀ ယူနစ်၊ လုပ်ငန်းသုံး/စက်ရုံသုံး အတွက် ၃၀ ယူနစ် သတ်မှတ်သွားမှာလို့ ဆိုပါတယ်။
“အခြေခံယူနစ်ကနေ သုံးစွဲတဲ့ ပမာဏများရင် များသလို ကျသင့်မယ့် သဘောပါ။ အခုစကျင့်သုံးမှာ ” လို့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု ) ရေပေးဝေရေး စခန်းအရာရှိ တဦးက ပြောပါတယ်။
အခြေခံရေသုံးစွဲမှု ပမာဏက ရေသုံးစွဲသူတွေ မဖြစ်မနေ ပေးဆောင်ရမယ့် အနည်းဆုံးပမာဏ ဖြစ်ပြီး ရေဖိုးတယူနစ်နှူန်းမှာ နိုင်ငံသား (အိမ်သုံး) အတွက် ၃၃၀ ကျပ်၊ နိုင်ငံသား (စီးပွားသုံး) အတွက် ၅၅၀ ကျပ်၊ နိုင်ငံသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် ၆၆၀ ကျပ် သတ်မှတ်ကြောင်း အသိပေးထားပါတယ်။
အဲဒီသတ်မှတ်ချက်ကြောင့် စည်ပင်ရေ သုံးစွဲမီတာ ရယူထားတဲ့ အိမ်တိုင်း လူမရှိလို့ ရေသုံးထားတာ မရှိရင်တောင် တလကို ၃,၃၀၀ ကျပ် ပေးဆောင်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သင်္ဃန်းကျွန်း မြို့နယ်မှာ နေသူတဦးက ဆိုပါတယ်။
“၁၀ ယူနစ်စာ မဖြစ်မနေ ပေးရမယ်ဆိုတာ သိပ်တော့ သဘာဝမကျဘူး။ သူတို့စိတ် ကြိုက်လုပ်နေတာ။ ရေမလာတဲ့ ရက်တွေအတွက်ရော ဘာလုပ်ပေးမှာလဲ ” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားသား (အိမ်သုံး) အတွက် ၈၈၀ ကျပ်၊ နိုင်ငံခြားသား (စီးပွားသုံး) အတွက် ၁,၁၀၀ ကျပ်၊ နိုင်ငံခြားသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် ၁,၃၂၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။
သုံးစွဲတာများရင် ကျသင့်နှူန်းထားမြင့်တဲ့ စနစ်ကျင့်သုံးမှာဖြစ်ပြီး နိုင်ငံသားရေသုံးစွဲမှုမှာ ၃၀ ယူနစ် အထက်အတွက် ၅၅၀ ကျပ်၊ ၆၀ ယူနစ်အထက် ၆၆၀ ကျပ် တိုးမြှင့်ကောက်မှာ ဖြစ်သလို နိုင်ငံခြားသား ရေသုံးစွဲတာ ၃၀ ယူနစ်ကျော်ရင် ၁,၁၀၀ ကျပ်၊ ၆၀ ယူနစ်ကျော်ရင် ၁,၃၂၀ ကျပ် ကျသင့်မှာ ဖြစ်တယ်လို့ အသိပေး ထားပါတယ်။
ဘယ်ရေသုံးစွဲမှုအ မျိုးအစားမဆို ရေမီတာပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိရင် ရေဆက်သွယ်မှုတွေအတွက် အခြေခံရေသုံးစွဲမှုရဲ့ ၆ ဆ ကောက်ခံမယ်လို့လည်း သတိပေးထား ပါတယ်။
ရန်ကုန်မြို့မှာ သောက်သုံးရေ ညီမျှအောင် ဖြန့်ဝေပေးနိုင်ဖို့၊ ရေလေလွင့် ဆုံးရှုံးတာကို လျော့ချနိုင်ဖို့၊ ရေသုံးစွဲမှုအပေါ် စီမံခန့်ခွဲ ထိန်းချုပ်နိုင်ဖို့၊ ရေကို မဖြုန်းတီးဘဲ တန်ဖိုးထား ချွေတာသုံးစွဲစေဖို့နဲ့ ရေသုံးစွဲတဲ့ ပမာဏအတိုင်း ပေးဆောင်ရတဲ့ ကောက်ခံမှုစနစ် ဖြစ်စေအောင် ရည်ရွယ်လုပ်ဆောင်တာလို့ YCDC က အကြောင်းပြချက် ပေးထားပါတယ်။
#ရန်ကုန် #စည်ပင်ရေ #ဈေးတက်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ