ရေတက်နေတဲ့ ငါးသိုင်းချောင်းမြို့မှာ လူငယ်တဦး ထပ်မံရေနစ်သေဆုံး

“တရားဝင်သိတာ လေးယောက်။ မသိတာတွေလည်း ရှိဦးမှာ ။ မနေ့က လဟာပမှာ ရေနစ်သေတဲ့အပြင် ရွာထဲက ဦးလေးကြီးတယောက်လည်း အရေးပေါ် အခြေအနေကို ဆေးအကူအညီရဖို့ ခက်ခဲ့လို့ ဆုံးသွားတာတွေရှိတယ်”

၁၈၊ဩဂုတ်

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့မှာ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်တော်တော်များများ ရေနစ်မြုပ်နေချိန် ဘုရားလမ်းနဲ့ အောင်ဇေယျလမ်းဆုံမှာ ဒီနေ့ည ၈ နာရီခန့်မှာ အမည်မသိ လူငယ်တဦး ရေနစ် သေဆုံးခဲ့ပါတယ်။

“လူကိုသိတယ် နာမည်မသိတာ၊ ကြုံတာဘက်က ဖြစ်မယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။

ငဝန်မြစ်ရေကာတာဟာ လေးမျက်နှာမြို့ ၊ မြစ်ကျိုးကျေးရွာအနီးမှာ ကျိုးပေါက်ပြီးနောက် ဒေသတွင်း ရေလွှမ်းမိုးမှုဖြစ်နေတာ ရက် ၂၀ အတွင်း ဝင်လောက်လာချိန်မှာ လူသေဆုံးမှုတွေလည်း ထပ်တိုးလာနေပါတယ်။

ဩဂုတ်လ ၅ ရက်နေ့ မနက်ကလည်း ငါးသိုင်းချောင်းမြို့က လူငယ်တဦးဟာ အိုင်သပြုကျေးရွာအနီးမှာ ရေးဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေရင်း ရေနစ် သေဆုံးခဲ့ပါသေးတယ်။

“တရားဝင်သိတာ လေးယောက်။ မသိတာတွေလည်း ရှိဦးမှာ ။ မနေ့က လဟာပမှာ ရေနစ်သေတဲ့အပြင် ရွာထဲက ဦးလေးကြီးတယောက်လည်း အရေးပေါ် အခြေအနေကို ဆေးအကူအညီရဖို့ ခက်ခဲ့လို့ ဆုံးသွားတာတွေရှိတယ်”လို့ ရေဘေးကယ်ဆယ်ရေး လုပ်နေတဲ့ ဟင်္သာတဒေသခံ တဦးက မှတ်ချက်ပေးပါတယ်။

တာကျိုးအပြီး မြစ်ရေတွေ တက်လာချိန်မှာ လေးမျက်နှာမြို့အမှတ် ၃ ရပ်ကွက် နေအိမ်တလုံး အတွင်းကနေ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၊ ဩဂုတ်လ ၅ ရက်နေ့မှာ အိုင်သပြုမှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ငါးသိုင်းချောင်းသား အသက် ၂၀ အရွယ် ကိုနေမင်းခန့်လည်း ရေနစ်သေဆုံးခဲ့ပါတယ်။

အဲဒီနောက် မနေ့ကညပိုင်း ဩဂုတ်လ ၁၇ ရက်နေ့ညမှာ လဟာပကျေးရွာက အမျိုးသမီး တဦး ရေနစ်သေဆုံးခဲ့ပြီး ဒီနေ့ ညပိုင်းမှာ အမည်မသိရသေးတဲ့ လူငယ်တယောက် ထပ်မံ သေဆုံးခဲ့တာ ဖြစ်တဲ့အတွက် တရားဝင် စာရင်းတွေအရ ရေဘေးမှာ ရေနစ်သေဆုံးသူ ၄ ဦးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။

#ရေနစ် #သေဆုံး #လူငယ် #ငါးသိုင်းချောင်း
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ