အောင်မင်္ဂလာအဝေးပြေးမှာ ပေါ်တာဆွဲတဲ့ကိစ္စ စစ်အုပ်စုအကြား အဝေမတည့်ဖြစ်နေ

အောင်မင်္ဂလာ အဝေးပြေးကားဝန်းဟာ စစ်တပ်အများအပြား အထိုင်ချထားတဲ့ မင်္ဂလာ ဒုံမြို့နယ် အပိုင်မှာ ရှိတာဖြစ်သလို ချစ်တီးကုန်းရပ်ကွက်ရဲ့ အုပ်ချုပ်မှု နယ်နမိတ်ထဲ ပါနေတာဖြစ်ပါတယ်။

၁၈၊ဩဂုတ်

ရန်ကုန်မြို့က အောင်မင်္ဂလာ အဝေးပြေးကားဝင်းအပိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အဝေးပြေးကားဝန်း သာယာအုပ်ချုပ်ရေးပိုင်းက လူတွေအကြား ကားဝန်းအတွင်း ခရီးသည်တွေကို ပေါ်တာဝင်ဆွဲတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး မကျေလည်မှုတွေ ရှိနေပါတယ်။

“သူတို့အချင်းချင်း ပြဿနာ အကြီးအကျယ် ဖြစ်နေတာ။ ပေါ်တာဆွဲခံရသူကို လက်ခံတဲ့ တပ်လည်း တိုင်ခံထားရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက သူတွေကို မြို့နယ်ထွေအုပ်က သတိပေးထားတယ် ကြားတယ်”လို့ အောင်မင်္ဂလာ အဝေးပြေးဝန်း သာယာ​ရေး ပူးပေါင်းအဖွဲ့မှာ ပါဝင်သူတဦးက ပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေး ကားဝန်းအတွင်းမှာ အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ စစ်တပ်နဲ့ အဝေးပြေးဝန်း သာယာရေးအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက် မတောင်းပဲ အဝေးပြေးကားဝန်းတည်ရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပေါ်တာဝင်ဆွဲနေတဲ့အပေါ်မှာ မကျေလည် ဖြစ်နေကြတာပါ။

“အဝေးပြေး သာယာရေးအုပ်ကြီး အရင် မွန်ကြီးဆွဲတာကို ခွင့်ပြုပြီးသူပါ ဝေစုယူတယ်၊ မွန်ကြီးက တလောက အတိုင်ခံရလို့ ပြုတ်သွားပြီး မွန်လေးဆိုတဲ့ တယောက်နဲ့ အစားထိုးထားတာ။ မွန်လေးက ဒါကိုလက်မခံဘူး။ အထိုင်ချတပ် အရာရှိကလည်း မွန်လေးလိုပဲ ဝင်းထဲလာမလုပ်ဖို့ ပြောတယ်”လို့ အဝေးပြေးဝန်းထဲမှာ နေထိုင်သူ တဦးက ပြောပါတယ်။

ကားဝင်းထဲမှာ အခုနောက်ပိုင်း ခရီးသွားလူငယ်တွေကို ပစ်မှတ်ထားပြီး နယ်ခံစစ်တပ် တာဝန်ရှိသူအချို့နဲ့ အပြင်အုပ်ချုပ်ရေးပိုင်းကသူ‌တွေ ပေါင်းပြီး ပေါ်တာဝင်ဆွဲတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

အဲဒီလို ပေါ်တာဝင်ဆွဲတာကို အဝေးပြေးကားဝန်း သာယာအုပ်ချုပ်ရေးနဲ့ တာဝန်ကျ စစ်တပ်ကို ကျော်ပြီးလုပ်နေတယ်လို့ စစ်အုပ်စု အချင်းချင်း အဝေမတည့်ပဲ မကျေလည်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကားဝန်းဟာ စစ်တပ်အများအပြား အထိုင်ချထားတဲ့ မင်္ဂလာ ဒုံမြို့နယ် အပိုင်မှာ ရှိတာဖြစ်သလို ချစ်တီးကုန်းရပ်ကွက်ရဲ့ အုပ်ချုပ်မှု နယ်နမိတ်ထဲ ပါနေတာဖြစ်ပါတယ်။

အရင်က ကားဝင်းထဲ ပေါ်တာဆွဲတာကို ကားဝန်းသာယာအုပ်ချုပ်ရေးက တစိတ်တပိုင်း ပါဝင်ပတ်သက် ခဲ့ပေမယ့် အခုနောက်ပိုင်း လူအပြောင်းအလဲတွေ ရှိခဲ့ပြီး ပေါ်တာဝင်ဆွဲတာကို လက်မခံတော့တာလို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ အဲဒီဝင်းထဲ နေသူတဦးက ဆိုပါတယ်။

“နောက်လူတွေက သဘောမတူလည်း ၊ အပြင်လူတွေက ဝင်ခိုးလုပ်နေတာ။ စကားတွေလည်း များကြသေးတယ် ကြားတယ်” လို့ သူကပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကားဝန်းမှာ မြန်မာနိုင်ငံ ဒေသအနှံကို ပြေးဆွဲတဲ့ ဂိတ်တွေ စုစည်းထားတာ ဖြစ်ပြီး နေ့တိုင်း ခရီးသည်သိန်းချီ ဝင်ထွက်သွားလာနေတာလို့ မှတ်တမ်းတွေအရသိရပါတယ်။

#ရန်ကုန် #အောင်မင်္ဂလာ #အဝေးပြေးကားဝန်း #ပေါ်တာဆွဲ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ