အီးယူနိုင်ငံက ရုရှားသင်္ဘောတွေကို သိမ်းယူရင် အလားတူ ပြန်လည်တုံ့ပြန်မယ်လို့ ပူတင်ပြော

ဥရောပအစိုးရအချို့ကလည်း ပိတ်ဆို့အရေးယူမှုတွေကနေ ရှောင်ဖယ်နေတယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို ပင်လယ်ပြင်မှာ ပိုမိုတင်းကျပ်စွာ အရေးယူဆောင်ရွက်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။

၁၂ ၊ ဩဂုတ်

ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားကုန်သင်္ဘောတွေကို သိမ်းယူမယ်ဆိုရင် ရုရှားဘက်ကလည်း အလားတူ ပြန်လည်တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့တယ်လို့ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

အီးယူက ရုရှားရဲ့ ပုန်းကွယ်သွားလာနေတယ်လို့ဆိုတဲ့ ကုန်သင်္ဘောတွေအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်နေပြီး သင်္ဘော ရာနဲ့ချီကို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့တာ၊ အချို့သင်္ဘောတွေနဲ့ သင်္ဘောသားတွေကို စစ်ဆေးဖို့ ထိန်းသိမ်းတာတွေ လုပ်ဆောင်နေချိန်မှာ ပူတင်က အခုလို ပြောလိုက်တာပါ။

ဥရောပအစိုးရအချို့ကလည်း ပိတ်ဆို့အရေးယူမှုတွေကနေ ရှောင်ဖယ်နေတယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို ပင်လယ်ပြင်မှာ ပိုမိုတင်းကျပ်စွာ အရေးယူဆောင်ရွက်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။

အဲဒီအရေးယူ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ပူတင်က “ဒါဟာ ပင်လယ်ဓားပြလုပ်ရပ် ၊ ဓားပြတိုက်တာနဲ့ လုံးဝ မခြားပါဘူး ။ တကယ်လို့ ဒါကို လက်တွေ့ အကောင်အထည်ဖော်လာရင် ကျွန်တော်တို့ဘက်ကလည်း အလားတူ ပြန်လည်တုံ့ပြန်ဖို့ မဖြစ်မနေ လုပ်ဆောင်ရပါလိမ့်မယ်” လို့ ပြောပါတယ်။

ရုရှားရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ ရုရှားသင်္ဘောတွေ သိမ်းဆည်းခံရတဲ့ ရေပြင်မှာတင် အကန့်အသတ်ရှိနေမှာ မဟုတ်ပဲ “ကျွန်တော်တို့ လိုအပ်တယ်၊ သင့်တော်တယ်လို့ ယူဆတဲ့ ဘယ်နေရာမဆို ဖြစ်လာမှာပါ” လို့လည်း ပူတင်က ပြောခဲ့ပါတယ်။

ပူတင်ဟာ စစ်ရေးလေ့ကျင့်မှုတွေကို ကြည့်ရှုစစ်ဆေးနေတဲ့ ရုရှားရဲ့ အရှေ့ဖျားပိုင်း ဆာခါလင်း (Sakhalin) ကျွန်းကို ရောက်ရှိနေချိန်မှာ အခုလို ပြောခဲ့တာပါ။

ဒါ့အပြင် နေတိုး အဖွဲ့ဟာ အာရှ-ပစိဖိတ် ဒေသတွင်းကို နယ်မြေချဲ့ထွင် ဝင်ရောက်လာနေပြီး အာတိတ်ဒေသမှာပါ တင်းမာမှုတွေ ဖန်တီးနေတယ်လို့ ပူတင်က စွပ်စွဲခဲ့ကြောင်း TASS သတင်းမှာ ဖော်ပြထားပါတယ်။

“နေတိုးဟာ ဒီဒေသထဲကို တဖြည်းဖြည်း နယ်မြေချဲ့ထွင် ဝင်ရောက်လာနေတယ်၊ စစ်ရေး-နိုင်ငံရေး အုပ်စုသစ်တွေကို ဖွဲ့စည်းနေတယ်၊ နောက်ပြီး ရုရှားကို ခြိမ်းခြောက်မှုဖြစ်စေတဲ့ လက်နက်စနစ်သစ်တွေကို တပ်ဆင်နေသလို တပ်ဆင်ဖို့လည်း လျာထားနေကြတယ်” လို့ ပူတင်က ပြောကြားခဲ့ပါတယ်။

Ref – Reuters

#ရုရှား #အီးယူ #ကုန်သင်္ဘော #အရေးယူပိတ်ဆို့ #ပူတင်
#DeltaNewsAgency #DNA