
မေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသား ကျောင်းသူ ၂ သန်းကျော်အပေါ် သက်ရောက်မှုရှိခဲ့ပြီး သူတို့ဟာ စာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုဖို့ ဖြစ်လာစေခဲ့ပါတယ်။
၂၀ ၊ ဇူလိုင်
ရဲတပ်ဖွဲ့က ဆန္ဒပြခွင့် ပိတ်ပင်ထားတဲ့ကြားကနေ ပညာရေးဝန်ကြီးကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုကာ လွှတ်တော်ကို ချီတက်ကြဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ လူငယ်တွေ ဦးဆောင်တဲ့ “ပိုးဟပ်” လှုပ်ရှားမှု ထောက်ခံသူ ရာချီဟာ ဇူလိုင် ၂၀ ရက်က မြို့တော် နယူးဒေလီမှာ စုဝေးခဲ့ကြပါတယ်။
လအနည်းငယ်သာ သက်တမ်းရှိသေးတဲ့ အဆိုပါလှုပ်ရှားမှုနဲ့ ဆန္ဒပြပွဲဟာ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီရဲ့ တတိယမြောက် သက်တမ်းအတွင်း အကြီးမားဆုံး လူထုစိန်ခေါ်မှုအဖြစ် ရှုမြင်ခံနေရပြီး၊ လူမှုကွန်ရက်ပေါ်မှာ ထောက်ခံသူ သန်းပေါင်းများစွာ ရရှိထားပြီး မြေပြင်မှာလည်း ထောက်ခံမှုတွေ စည်းရုံးလှုံ့ဆော်နိုင်ခဲ့ပါတယ်။
ဇူလိုင် ၁၈ ရက်နေ့မှာ အစာငတ်ခံဆန္ဒပြနေတဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချပ် ကို ရဲတပ်ဖွဲ့က ဆေးရုံ အတင်းအဓမ္မ ဆေးရုံပို့ဆောင်ခဲ့ပြီးနောက်ပိုင်း အဆိုပါလှုပ်ရှားမှုဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ လွှတ်တော်ရဲ့ မုတ်သုန်ရာသီအစည်းအဝေး ဖွင့်လှစ်တဲ့နေ့မှာ ချီတက်ဖို့အတွက် ထောက်ခံသူ ထောင်ပေါင်းများစွာဟာ နယူးဒေလီမြို့လယ်ရှိ ဂျန်တာမန်တာ ဆန္ဒပြကွင်းကို ညတွင်းချင်း ရောက်ရှိလာခဲ့ကြပါတယ်။
အတားအဆီးတွေ အခိုင်အမာ ချထားတဲ့ အဆိုပါနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် အမြောက်အမြားကိုလည်း ချထားပါတယ်။ ဆန္ဒပြသူတွေ ရှေ့ဆက်ချီတက်လာပါက လွှတ်တော်နဲ့ ကီလိုမီတာ အနည်းငယ်အကွာမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလက အမျိုးသားဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲမေးခွန်းတွေ ပေါက်ကြားခဲ့ပြီးနောက် Cockroach Janta Party (CJP) လှုပ်ရှားမှု စတင်ခဲ့ပါ။ မေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသား ကျောင်းသူ ၂ သန်းကျော်အပေါ် သက်ရောက်မှုရှိခဲ့ပြီး သူတို့ဟာ စာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုဖို့ ဖြစ်လာစေခဲ့ပါတယ်။
“အာဏာရနေတဲ့ ဒီခေါင်းဆောင်တွေအားလုံးက စာမတတ်ကြဘူး။ ကျွန်တော်တို့ မေးခွန်းတွေ ထပ်ပြီး မပေါက်ကြားစေချင်လို့ အခုလို လာရောက်ဆန္ဒပြတာပါ၊ ဒါတွေ အဆုံးသတ်သင့်ပါပြီ” လို့ မြို့တော်နဲ့ ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ မီးရတ်မြို့ကနေ လာရောက်ဆန္ဒပြတဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသား အာဒီ နာသန် က ပြောပါတယ်။
CJP အဖွဲ့ အရှိန်အဟုန်နဲ့ အားကောင်းလာတာဟာ အလုပ်လက်မဲ့နှုန်း မြင့်မားတာ စာမေးပွဲမေးခွန်းတွေ မကြာခဏ ပေါက်ကြားတာ စတဲ့ ကိစ္စရပ်တွေအပေါ် အိန္ဒိယလူငယ်တွေ စိတ်ပျက်အားလျော့မှုတွေကို ထင်ဟပ်နေတာဖြစ်တယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုကြပါတယ်။
အစိုးရအချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ အသက် ၁၅ နှစ်နဲ့အထက် လူဦးရေအကြား အလုပ်လက်မဲ့နှုန်းဟာ ၃.၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြားရှိ လူငယ်တွေရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၉.၉ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်မားနေပြီး၊ ကျေးလက်ဒေသတွေမှာ ၈.၃ ရာခိုင်နှုန်း ရှိပေမယ့် မြို့ပြဒေသတွေမှာ ၁၃.၆ ရာခိုင်နှုန်း အထိ ပိုမိုဆိုးရွားနေပါတယ်။
Ref – Reuters