
ဗင်နီဇွဲလားနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ သေဆုံးမှုအများဆုံး ငလျင်ဟာ ၁၉၆၇ ခုနှစ်ကလှုပ်ခတ်ခဲ့တာဖြစ်ပြီး လူပေါင်း ၂၄၀ သေဆုံးခဲ့ဖူးပါတယ်။
၂၇၊ ဇွန်။
ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်နှစ်ခုကြောင့် တရားဝင်သေဆုံးသူအရေအတွက်ဟာ ဇွန်လ ၂၆ ရက်၊ သောကြာနေ့မှာ ၉၂၀ ဦးအထိ မြင့်တက်လာတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟိုဆေးရိုဒရီဂွက်ဇ်က ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေကတော့ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေအောက်က အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နိုင်ငံမြောက်ပိုင်းမှာ တမိနစ်မပြည့်ခင် အချိန်အပိုင်းအခြားအတွင်း တခုပြီးတခု ဆက်တိုက်လှုပ်ခတ်သွားခဲ့တဲ့ အင်အား၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်တွေကြောင့် အကြီးအကျယ် ထိခိုက်ခံစားနေရတာဖြစ်ပါတယ်။
ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားရာမှာ ရိုဒရီဂွက်ဇ်က အရင်က ၅၈၉ ဦးရှိခဲ့တဲ့သေဆုံးသူအရေအတွက်ကို အခုလို နောက်ဆုံးအခြေအနေ ပြောင်းလဲထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် သူက ငလျင်ဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ လာဂွိုင်ရာပြည်နယ်ဆီကို စစ်တပ် စေလွှတ်ချထားလိုက်ပြီ ဖြစ်ကြောင်းလည်း ကြေညာပါတယ်။
အဆိုပါ ဘေးအန္တရာယ်ကြောင့် လူပေါင်း ငါးသောင်းကျော် ပျောက်ဆုံးနေတယ်လို့ကုလသမဂ္ဂ ကယ်ဆယ်ရေးအကြီးအကဲ တော်မ် ဖလက်ချာက သောကြာနေ့မှာ AFP သတင်းဌာနကို ပြောပါတယ်။
သူက “ကျွန်တော်တို့ဆီမှာ ပျောက်ဆုံးနေသူ ငါးသောင်းကျော်ရှိနေပြီး သေဆုံးသူကလည်း ငါးရာကျော် ရှိနေတဲ့အတွက် အပျက်အစီးတွေကို ဖယ်ရှားရမယ့်အလုပ်ကအလွန်ကြီးမားပါတယ်” လို့ ပြောပါတယ်။ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနကတော့ သေဆုံးသူ တသောင်းကျော်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိသားစုဝင်တွေကတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အသည်းအသန် ရှာဖွေနေကြပြီး တချို့ဆိုရင် ပြိုကျနေတဲ့အဆောက်အအုံ အပျက်အစီးတွေကို လက်ဗလာနဲ့ပဲ ယက်ထုတ်ပြီး ရှာဖွေနေကြပါတယ်။
လာဂွိုင်ရာမြို့က ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတခုမှာတော့ အလုပ်သမားတွေက အပျက်အစီးတွေကို တူကြီးတွေနဲ့ ထုခွဲနေကြပြီး ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားနိုင်ဖို့အတွက် “လုံးဝ တိတ်တိတ်ဆိတ်ဆိတ်နေကြဖို့” တောင်းဆိုနေတာကို AFP သတင်းထောက်တွေ မြင်တွေ့ခဲ့ရပါတယ်။
ကမ္ဘာတဝန်းက နိုင်ငံတွေကလည်း ဗင်နီဇွဲလားနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီပေးမယ်လို့ ကတိပြုထားကြပါတယ်။
အမေရိကန်ပြည်ထောင်စုက စစ်သင်္ဘောနှစ်စင်း၊သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ ဟယ်လီကော်ပတာတွေကို စေလွှတ်နေပြီးအကူအညီပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၁၅၀ မီလီယံကိုလည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ဝါရှင်တန်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင့်နှေးစေနိုင်တဲ့ ဗင်နီဇွဲလားအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း ယာယီဆိုင်းငံ့ပေးထားပါတယ်။
စပိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သူတို့နိုင်ငံသား နှစ်ဦး သေဆုံးသွားကြောင်းအတည်ပြုထားပြီး နောက်ထပ် နိုင်ငံသား ၈၀ ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ကရာကတ်စ်မြို့ပြင် ကမ်းရိုးတန်းက လာဂွိုင်ရာမြို့မှာရှိတဲ့ သူတို့ရဲ့ ခုနစ်ထပ်တိုက်တိုက်ခန်းအပျက်အစီးတွေကြားထဲ ပိတ်မိနေတဲ့ အသက် ၁၉ နှစ်အရွယ် သားဖြစ်သူနဲ့ပတ်သက်ပြီး ယာမီလက်စ် ဟီမင်နက်ဇ်က “သူက ကွန်ကရစ်တုံးတွေအောက်မှာရောက်နေတာ၊ သူကို ဆွဲထုတ်ဖို့ စက်ပစ္စည်းတွေလည်း မရှိဘူး” လို့ ပြောပါတယ်။
ဆယ်စုနှစ်များစွာကြာစီးပွားရေးနဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် အားနည်းနေတဲ့ ဗင်နီဇွဲလား နိုင်ငံမှာ အခုအခါ လူပေါင်းထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။
လူအများစုဟာ ဘာရီယိုစ်လို့ခေါ်တဲ့ တောင်စောင်းတွေက မခိုင်ခံ့တဲ့ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကမှအလုပ်ပြုတ်သွားခဲ့တဲ့ အသက် ၅၀ အရွယ် ဆူဟေးလ် ဆာကစ်ဇ်က “ကျွန်မတို့တိုက်ကနေလို့မရတော့ဘူး၊ အခု ကျွန်မမှာ ဘာမှမရှိတော့ဘူး။ ကျွန်မနဲ့ ကျွန်မသားပဲ ရှိတော့တာ၊ ဒီနိုင်ငံမှာလည်း တခြားအမျိုးတွေ မရှိဘူး” လို့ ပြောပါတယ်။
အသက် ၆၀ အရွယ် ဘီယာထရစ် ရိုဒရီဂွက်ဇ်ကတော့ “ဒါဟာ ဖြစ်ရပ်ဆိုးတခုပဲ” လို့ပြောပါတယ်။ သူမရဲ့ တူတဦးကတော့ ငလျင်ဒဏ်ကြောင့် ပိမိပြီး ခြေထောက်နှစ်ဘက်စလုံး ဖြတ်လိုက်ရကာ နောက်ထပ် တူတဦးကတော့ သေဆုံးသွားခဲ့ပါတယ်။
အစိုးရဘက်ကတော့ အဆောက်အအုံ ၂၅၀ ပျက်စီး ဒါမှမဟုတ် ပြိုကျသွားတယ်လို့အတည်ပြုထားပါတယ်။ ဆေးရုံ အနည်းဆုံး ရှစ်လုံး၊ ဗင်နီဇွဲလား ကြက်ခြေနီအသင်းနဲ့ ပြင်သစ်သံရုံးတို့ဟာလည်း အပြင်းအထန် ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲမှာ ပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကရာကတ်စ်နဲ့ ကပ်လျက်ရှိပြီး နိုင်ငံရဲ့ အဓိကလေဆိပ် တည်ရှိရာ ကမ်းရိုးတန်းပြည်နယ် လာဂွိုင်ရာဟာ အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ ဒေသတွေထဲက တခုဖြစ်ပါတယ်။စေတနာ့ဝန်ထမ်း အများအပြားဟာ ကရာကတ်စ်-လာဂွိုင်ရာ အဝေးပြေးလမ်းအတိုင်း ရေ၊ အစားအစာနဲ့ ဆေးဝါးတွေကို သယ်ဆောင်ပြီး သွားရောက်ကူညီနေကြပါတယ်။
ဆိုဖာမွေ့ရာချုပ်လုပ်ငန်း ပိုင်ရှင်ဖြစ်တဲ့ အသက် ၆၄ အရွယ် ပီဒရို ပီရက်ဇ်က”ကျွန်တော်တို့ အားလုံး ဆုံးရှုံးသွားပါပြီ” လို့ ပြောပြီး သူဟာ အိမ်ရော လုပ်ငန်းပါဆုံးရှုံးသွားခဲ့ရလို့ ဇနီးနဲ့ သားသမီးတွေနဲ့အတူ လမ်းပေါ်မှာပဲ အိပ်နေရတယ်လို့ ဆိုပါတယ်။ “အကူအညီတွေ အမြန်ဆုံးရောက်လာဖို့ပဲ မျှော်လင့်ပါတယ်”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ခေါင်းဆောင်ဟောင်း နီကိုလပ်စ်မာဒူရိုကို အမေရိကန်က ဖမ်းဆီးခဲ့ပြီးနောက် အာဏာလွှဲပြောင်းရယူခဲ့တဲ့ ယာယီသမ္မတ
ရိုဒရီဂွက်ဇ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ရဲ့ ကူညီဆောင်ရွက်ပေးမှုတွေအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ကတော့ တခြားအချိန်ဆိုရင် တားမြစ်ထားမယ့် ငလျင်ကယ်ဆယ်ရေးအကူအညီတွေကို ခွင့်ပြုပေးဖို့အတွက် ပိတ်ဆို့မှုတွေကို လျှော့ချပေးခဲ့ပါတယ်။ ထရမ့်က အမေရိကန်အနေနဲ့ “ကူညီဖို့ အဆင်သင့်ရှိပြီး လိုလိုလားလား ကူညီပေးနိုင်ပါတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂ ကယ်ဆယ်ရေးအကြီးအကဲ တော်မ် ဖလက်ချာက ကုလသမဂ္ဂအနေနဲ့နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေကို ညှိနှိုင်းဆောင်ရွက်ပေးနေပြီး ငလျင်မလှုပ်ခင်ကတည်းက လူပေါင်း ရှစ်သန်းလောက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ နိုင်ငံမှာ “ကြီးမားတဲ့ စုပေါင်းအားထုတ်မှု” တခု လိုအပ်လိမ့်မယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဗင်နီဇွဲလား လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ကတော့ ဆက်သွယ်ရေးစနစ်ကောင်းမွန်ဖို့ဟာ “အသက်ရှင်ရေးနဲ့ သေဆုံးရေး” လောက်အထိ အရေးကြီးတဲ့ကိစ္စဖြစ်ကြောင်း ပြောဆိုပြီး လူမှုကွန်ရက်အချို့အပေါ် ပိတ်ပင်ထားမှုတွေကို ရုပ်သိမ်းပေးဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။
SpaceX ရဲ့ Starlink ကုမ္ပဏီကတော့ ထိခိုက်ခံရတဲ့ ဒေသတွေက သုံးစွဲသူတွေအတွက် ဇူလိုင် ၂၅ ရက်အထိ အခမဲ့ ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း ပြောပြီး ဆက်သွယ်ရေးစနစ် ပြန်ကောင်းမွန်လာစေဖို့ အဆိုးရွားဆုံးထိခိုက်ခံရတဲ့ ဇုန်တွေကို ဂြိုဟ်တုအင်တာနက်လက်ခံစက်တွေ ပို့ဆောင်တပ်ဆင်ပေးဖို့လုပ်ဆောင်နေပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ သေဆုံးမှုအများဆုံး ငလျင်ဟာ ၁၉၆၇ ခုနှစ်ကလှုပ်ခတ်ခဲ့တာဖြစ်ပြီး လူပေါင်း ၂၄၀ သေဆုံးခဲ့ဖူးပါတယ်။
Ref – CNA