သာပေါင်း၊ရေကြည်မြို့နယ်ထဲက တိုက်ပွဲဖြစ်နေတဲ့ ဧရိယာတွေကို စစ်တပ်က ရိက္ခာဖြတ်

အခုမြို့ပေါ်တက်ဝယ်ရတော့ စရိတ်ကုန်တယ်။ အများကြီးဝယ်လို့လည်းမရတဲ့အခါ ကုန်ကျစရိတ်အရမ်း များတယ်။ ဒီလောက်ခက်ခဲနေကြတာမှာ လူတွေကို ငတ်အောင် လုပ်နေတာနဲ့ အတူတူပဲ”

၂၇၊ ဇွန်။

ဧရာဝတီတိုင်း ၊ ရေကြည်၊သာပေါင်းမြို့နယ်တွေ အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာတွေနဲ့ ဆက်စပ်ဧရိယာတွေမှာ ရှိနေတဲ့ ကျေးရွာတွေကို စစ်တပ်က ရိက္ခာဖြတ်တောက်ထားတဲ့ အတွက် ဒေသခံတွေ အနေနဲ့ ဆန်အပါအဝင် စားနိပ်ရိက္ခာတွေကို အကန့်အသတ်နဲ့သာ ဝယ်ယူနေကြရပါတယ်။

“လူတယောက် ဆန်ခြောက်ပြည်နှစ်အိတ်၊ ဆီ ငါးပိဿာ၊ ဓါတ်ဆီတစ်ဂါလံ ဝယ်လို့ရတယ်။ ကုန်စုံဆိုင်တွေလည်း အဲဒီ လောက်ပဲ ဝယ်လို့ရတယ်။ ထောက်ခံစာနဲ့ ဝယ်ရတာ” လို့ ရေကြည်မြို့နယ် အမတ ၃၄၄ အနီးနေထိုင်တဲ့ ဒေသခံ တဦးက ပြောပါတယ်။

အဲဒီမြို့နယ်တွေအတွင်းမှာရှိတဲ့ ဆန်စက်တွေကို ပိတ်ခိုင်းထားပြီး ကုန်စုံဆိုင်တွေကိုလည်း အကန့်အသတ်နဲ့သာ ရောင်းချကြဖို့၊ ပိုရောင်းရင် ဖမ်းဆီးဖို့ဆိုပြီး စစ်တပ်က ညွှန်ကြားထားတတယ်လို့ သိရပါတယ်။
စစ်တပ်ညွှန်ကြားထားတဲ့ပမာဏအတိုင်း မရောင်းဘဲ ပိုရောင်းရင် ရောင်းတဲ့ဆိုင်ရှင်ကို ဖမ်းဆီးတာတွေလည်း ရှိ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အမတ ၃၄၄ အနီးတိုက်ပွဲတွေစဖြစ်ချိန်ကတည်းက အဲဒီလို ရိက္ခာဝယ် ယူတာတွေကို တင်းကြပ်ကာ ဆိုင်ရှင်တွေကို ဖမ်းဆီးနေခဲ့တာဖြစ်ပြီး အခုတခါလည်း အလားတူဖမ်းဆီးဖို့ ထပ်မံညွှန် ကြားလာတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆန်စက်တွေဆိုရင် လုံး၀ မလည်ရဘူး။ ဟိုဘက်ကို ရိက္ခာရောက်သွားမှာစိုးလို့ထင်တယ်။ အဲလိုမျိုး ဆန်စက်တွေ မလည်တော့ စျေးတက်ကုန်တာပေ့ါ။ စျေးက အကုန်လုံးတက်သွားတယ်။ ဆိုင်သည်တွေမှာလည်း ဒုက္ခရောက်ကုန် တယ်။ ကုန်အများကြီးဝယ်မရတော့ ဆိုင်ရောင်းလို့ မရတော့ဘူး” လို့ ရေကြည်မြို့ခံတဦးက ပြောပါတယ်။

အရင်က ဆန်တပြည်ကို ကျပ် ၂၅၀၀၊ ၃၀၀၀ ဝန်းကျင်သာရှိခဲ့ရာကနေ အခုအခါ ကျပ် ၄၀၀၀ ဝန်းကျင်ထိ စျေးတက် နေပြီး ကြက်ဥတလုံးကို ကျပ် ၆၀၀၊ စားဆီတပိဿာကို ကျပ် ၁၂၀၀၀ စျေးရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။

“အရင်ကဆိုရင် မြို့ပေါ်တက်ဝယ်စရာမလိုဘူး။ ကိုယ့်ရွာက ဝယ်လို့ရတယ်။ ဆန်ဆိုလည်း အနီးအနားက ဝယ်လို့ရ တယ်။ အခုမြို့ပေါ်တက်ဝယ်ရတော့ စရိတ်ကုန်တယ်။ အများကြီးဝယ်လို့လည်းမရတဲ့အခါ ကုန်ကျစရိတ်အရမ်း များတယ်။ ဒီလောက်ခက်ခဲနေကြတာမှာ လူတွေကို ငတ်အောင် လုပ်နေတာနဲ့ အတူတူပဲ” လို့ ရေကြည်မြို့နယ်အတွင်းမှာနေထိုင်တဲ့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ သာပေါင်းလမ်းကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ဆီ စစ်ကြောင်းထိုးဖို့ ကြိုးစား နေသလို အင်္ဂပူမြို့နယ် ကွင်းကောက်ဘက် ရိုးမပေါ် သစ်ထုတ်လမ်းကနေလည်း စစ်ကြောင်းထိုးနေကာ တိုက်ပွဲ တွေဖြစ်နေပါတယ်။

ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။

#သာပေါင်း #ရေကြည်မြို့နယ် #တိုက်ပွဲဖြစ်နေတဲ့ဧရိယာတွေ #စစ်တပ် #ရိက္ခာဖြတ် #DeltaNewsAgency #DNA