
“နိုင်ငံရေးအကျဉ်းသားတွေ အများကြီး အထဲမှာ ရှိသေးတယ်။ ကိုယ်တွေနဲ့ အထဲမှာ အတူနေခဲ့ရတဲ့သူတွေ၊ ဒီလူ တွေကို အမြန်ဆုံး ပြန်ပြီးတော့ လွှတ်ပေးစေချင်တယ်ပေါ့”
၁၊ မေ။
ဧပြီလ ၁၇ ရက် ကဆုန်လပြည့်နေ့ စစ်ကော်မရှင်က အကျဉ်းသား ၁၅၀၀ ကျော်လွတ်ပေးတဲ့အထဲ ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်တွေက ခြောက်ဆယ်ကျော် ပါဝင်ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတ ဦးမှ မပါဝင်ခဲ့ပါဘူး။
“နိုင်ကျဉ်းတွေ တယောက်မှ ပါတယ်မကြားဘူး။ မြောင်းမြထောင်ကဆိုရင် လွတ်တယ်တောင် မကြားဘူး” လို့ မြောင်းမြမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
DNA ရရှိထားတဲ့အချက်အလက်တွေအရ စစ်အစိုးရဟာ ဧရာ၀တီတိုင်း မအူပင်အကျဉ်းထောင်မှ အကျဉ်း သား ၃၁ ဦးနဲ့ ပုသိမ်အကျဉ်းထောင်မှ ၃၀ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲ မှာ ရာဇဝတ်မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေပဲပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားမပါဝင်ဘူးလို့ ဆိုကြပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာရှိတဲ့ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြအကျဉ်းထောင်တို့က အကျဉ်းသားဘယ်နှစ်ယောက် လွတ်ပေးတယ်ဆိုတဲ့ အချက်အလက်အတိအကျကိုတော့ မသိရသေးပါဘူး။ ဟင်္သာတဒေသခံလူငယ်တဦးက တော့ ဟင်္သာအကျဉ်းထောင်က အကျဉ်းသားတွေ လွတ်တာ မကြားမိဘူးလို့ ပြောပါတယ်။
“လွတ်တာ မကြားဘူး။ ပုသိမ်ထောင်ကတော့ လွတ်တယ်၊ နိုင်ကျဉ်းပါတာ မကြားဘူး” လို့ သူက ဆိုပါတယ်။
စစ်အစိုးရဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၃၃၅ ဦး လွတ်ပေးခဲ့တုန်းကလည်း ဧရာ၀တီတိုင်းအတွင်း အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃၁၁ ဦးပါခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ဆယ်ဦး ဝန်းကျင်သာ ပါခဲ့တာ တွေ့ရပါတယ်။
ဧရာ၀တီတိုင်းအတွင်းက အကျဉ်းထောင်တွေထဲမှာ လွတ်ဖို့ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေများစွာ ရှိနေပြီး အဲဒီအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကူညီပေးနေတဲ့အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ အများကြီး အထဲမှာ ရှိသေးတယ်။ ကိုယ်တွေနဲ့ အထဲမှာ အတူနေခဲ့ရတဲ့သူတွေ၊ ဒီလူ တွေကို အမြန်ဆုံး ပြန်ပြီးတော့ လွှတ်ပေးစေချင်တယ်ပေါ့” လို့ ဟင်္သာတဒေသခံ နိုင်ငံရေးအကျဉ်း သားဟောင်းက ပြောထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း စစ်အစိုးရ လွတ်ပေးတဲ့ အ ကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မျှ ပါဝင်ခြင်းမရှိကြောင်း ဧပြီလ ၃၀ ရက်မှာ ထုတ်ပြန် ထားပါတယ်။
PPNM က လက်လှမ်းမီသမျှ ပြုစုထားတဲ့ အကျဉ်းထောင် ၁၇ ခုကနေ လွတ်လာသူ ၃၃၆ ဦးလုံးဟာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အခြားအမှု(ရာဇဝတ်မှု)တွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။