မော်စကိုမြို့တော်ကို ယူကရိန်းက ပစ်မှတ်ထားတိုက်ခိုက်နေချိန် ရုရှားကို ရောက်လာတဲ့ သမ္မတရှီ

 

တရုတ်သမ္မတ ရှီ မော်စကို မရောက်လာခင် သုံးရက်ဆက်တိုက် ယူကရိန်းဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ မော်စကိုမြို့ရဲ့ အဓိက လေဆိပ်တွေထဲက တခုကို ယာယီ ပိတ်လိုက်ရပါသေးတယ်။

၈၊ မေလ

ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ကြားကပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အပြင် ရင်ပြင်နီချီတက်ပွဲ တက်ရောက်ဖို့ မနေ့က မေလ ၇ရက်နေ့မှာ မော်စကိုလေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပေမဲ့ တရုတ်နိုင်ငံကတော့ မော်စကိုရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ပိုမိုဝယ်ယူပေးနေတာကြောင့် ရုရှား-ယူကရိန်း စစ်ပွဲအတွင်းမှာ တရုတ်နိုင်ငံဟာ ရုရှားရဲ့ အဓိက စီးပွားရေး အသက်သွေးကြော ဖြစ်လာခဲ့ပါတယ်။

ယူကရိန်းကတော့ တရုတ် သမ္မတ ရှီ မော်စကို မရောက်လာခင် သုံးရက်ဆက်တိုက် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ မော်စကိုမြို့ရဲ့ အဓိက လေဆိပ်တွေထဲက တခုကို ယာယီ ပိတ်လိုက်ရပါသေးတယ်။

ရုရှား-ယူကရိန်း နှစ်ဘက်လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေချိန်မှာ တရုတ်သမ္မတရှီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်တစ်စုံတစ်ရာမပေးပေမဲ့ တင်းမာတွေ တိုးမြင့်လာတာကို ရှောင်ရှားနိုင်ဖို့ ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ အသိပေးထားပါတယ်။

တဖက်မှာလည်း မော်စကိုကို ယူကရိန်းရဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ် ကျူးလွန်ဖို့ သဘောထားကို ပြသနေပြီး မိမိတို့အနေနဲ့ ရင်ပြင်နီချီတက်ပွဲကို ထောက်ခံအားပေးဖို့ ရောက်လာတဲ့ ခေါင်းဆောင်တွေအတွက် လိုအပ်တဲ့ လုံခြုံရေး လုပ်ဆောင်ချက်တွေကို အပြည့်အဝ စီစဉ်လုပ်ဆောင်ထားတယ်လို့ ရုရှားဘက်က ဆိုထားပါတယ်။

မနေ့က ယူကရိန်းအရာရှိတွေရဲ့ ပြောကြားချက်အရ ရုရှားဟာ ကီယက်မြို့ တနေရာကို လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ သားဖြစ်သူတို့ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရုရှားဘက်ကတော့ သူတို့အနေနဲ့ စစ်ရေးပစ်မှတ်နေရာတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆိုဗီယက်ယူနီယံရဲ့ နာဇီဂျာမနီတို့အပေါ် အောင်နိုင်မှု နှစ် ၈၀ ပြည့် မော်စကို ရင်ပြင်နီ ချီတက်ပွဲကို တရုတ်သမ္မတ ရှီကျင်းဖျင့် ရောက်ရှိလာတာဟာ ကမ္ဘာ့ဇာတ်ခုံမှာ ရုရှားသမ္မတ ပူတင်အနေနဲ့ အထီးကျန်မှုမဖြစ်အောင် ပြသလိုက်ရာလည်း ရောက်သလို တစ်ဘက်မှာလည်း ရုရှား-တရုတ် နှစ်နိုင်ငံအကြား အရေးကြီးတဲ့ သံတမန်ရေးရာ မြှင့်တင်မှုတစ်ခုလည်း ဖြစ်လာပါတယ်။

တရုတ်သမ္မတ ရှီဟာ ရုရှားသမ္မတ ပူတင်နဲ့ ဒီကနေ့ မေလ ၈ရက်နေ့မှာ တွေ့ဆုံဖို့ရှိပြီး လာမယ့် မေလ ၉ရက်နေ့ ရင်ပြင်နီ ချီတက်ပွဲကိုတော့ တခြားနိုင်ငံ့ခေါင်းဆောင် ၂၈ ဦး နဲ့အတူ တက်ရောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref – Reuters