တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ်လိုက်တဲ့ မြောက်ကိုရီးယား

 

နျူကလီးယား ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားဟာ ရုရှား-ယူကရိန်း စစ်မြေပြင်မှာ သူတို့ရဲ့ လက်နက်တွေ တင်ပို့ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

၈၊ မေလ

မြောက်ကိုရီးယားဟာ သူတို့ နောက်ဆုံးတီထွင် ထုတ်လုပ်ထားတဲ့ စစ်င်္ဘောအတွက် လက်နက်စနစ်သစ်တွေကို စမ်းသပ်ပြီးနောက် တစ်ပတ်အကြာမှာ တာတိုပစ် ပဲ့ထိန်း ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။

တောင်ကိုရီးယားစစ်တပ်ရဲ့ ဒီကနေ့ မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ချက်အရ “တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေလို့ ယူဆရတဲ့ ဒုံးကျည်တွေ အများအပြား တွေ့ရှိခဲ့တယ်”လို့ သိရပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ဒီကနေ့ ဒေသစံတော်ချိန် ၈ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မြောက်ကိုရီးယားရဲ့ ဝမ်ဆန်ဧရိယာကနေ အရှေ့ပင်လယ်ထဲ (ဂျပန်ပင်လယ်) ကို ပစ်လွှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့ ဧပြီလက တန်ချိန် ၅,၀၀၀ ရှိတဲ့ ဖျက်သင်္ဘောတစ်စင်းကို ထုတ်ပြခဲ့ပြီး အဲဒီစစ်သင်္ဘောမှာ ဖျက်အားပြင်းတဲ့ လက်နက်တွေ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။ လာမယ့်နှစ်အစောပိုင်းမှာ အဲဒီစစ်င်္ဘောသစ်ဟာ စစ်ဆင်ရေးတွေအတွက် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီ စစ်သင်္ဘောကနေ နျူကလီးယားလက်နက်တွေ ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ မြောက်ကိုရီးယား ဘက်က တရားဝင်ထုတ်မပြောပေမဲ့ လေ့လာသူတွေကတော့ တာတိုပစ် နျူကလီးယား ဒုံးကျည်တွေ တပ်ဆင်ထားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တောင်ကိုရီးယားစစ်တပ်ကတော့ ဒါဟာ ရုရှားကို ပြုံယမ်းတပ်ဖွဲ့တွေ ကူညီပေးလိုက်တဲ့အတွက် ပြန်လည်ရရှိလိုက်တဲ့ အကျိုးကျေးဇူးတစ်ခုအဖြစ် ရှုမြင်ပြီး ဖျက်သင်္ဘောတီထွင်နိုင်မှုဟာ မော်စကိုရဲ့ နည်းပညာအကူအညီတွေ ပါဝင်နေတယ်လို့ အသိပေးထားပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ မကြာသေးမီကလည်း နှစ်နိုင်ငံအကြား ဆက်သွယ်သွားလာနိုင်မယ့် ပထမဆုံး လမ်းတံတားတစ်စင်းကို မဟာဗျူဟာမြောက် ချစ်ကြည်ရေးလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ တည်ဆောက်ဖို့ စတင်နေပြီလို့ ကြေညာထားပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့တားမြစ်ချက်တွေကို ချိုးဖောက်ပြီး ပြီးခဲ့တဲ့ နှစ်တွေကလည်း ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်ခဲ့ပါသေးတယ်။

နျူကလီးယား ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားဟာ ရုရှား-ယူကရိန်း စစ်မြေပြင်မှာ သူတို့ရဲ့ လက်နက်တွေ တင်ပို့ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒီကနေ့ မြောက်ကိုရီးယားဘက်က ပစ်လွှတ်စမ်းသပ်လိုက်တဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ ဂျပန်နိုင်ငံအပေါ် ထိခိုက်မှု မရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

Ref – AFP