“များများစားစား ဈေးဝယ်ချင်ရင် မြစ်အရှေ့ဘက်ခြမ်းက ရွာအမည်ပြောဝယ်ရတယ်” လို့ ဒေသခံတွေ ကပြောပါတယ်။
၅၊မေလ။
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်ထဲက ကူးတို့ဆိပ်တွေကို စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ပြီး စစ်ဘေးရှောင်သူတွေကို ပေးမဖြတ်တာ ၊ ကုန်စည်တွေသယ်ယူခွင့်ကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ရှောင်တွေ အိုင်သပြုဘက်ကို လာဖို့တောင် ခက်ခဲတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။စက်စက်ယိုကျေးရွာကနေ အိုင်သပြုဘက်ကို စစ်ဘေးရှောင်လာတဲ့ အမျိုးသမီးတဦးကို လေးမျက်နှာမြို့နယ်ထဲက ကူးတို့ဆိပ်တွေက ပေးမဖြတ်တာကြောင့် လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ် အစပ်က သောင်းဘုတ်-ဇမြင်းကုန်း ကူးတို့ဆိပ်ကနေ ဖြတ်သန်းခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်ခန့်က စတင်ပြီး ကူးတို့ဆိပ်တွေမှာ လုံခြုံရေးချထားတာလို့ ဒေသခံတွေက ပြောပါတယ်။ လေးမျက်နှာမြို့နယ်ထဲမှာ ငဝန်မြစ်ကူးတံတား အဖြစ် လေးမျက်နှာ ၊ ပန်းတောကြီးလမ်းပေါ်မှာ တစင်းသာ ရှိနေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ငဝန်မြစ်ကူးတံတားနဲ့ ဝေးတဲ့ အိုင်သပြုတဖက်ကမ်းက ရွာတွေက တပိုင်တနိုင် ကုန်တွေကို ကူးတို့ဆိပ်ကနေသာ ကူးနေကြရတာ ဖြစ်ပါတယ်။
ငဝန်မြစ် အရှေ့ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်းကို စက်သုံးဆီနဲ့ စားစရာတွေသယ်ယူတာကို လည်း ကူးတို့ဆိပ်ကနေ အကန့်အသက်နဲ့သာ ခွင့်ပြုပေးနေပါတယ်။ အိုင်သပြုဘက်မှာရှိတဲ့ ကုန်သည် တွေကလည်း ငဝန်မြစ်အနောက်ဘက်ခြမ်းကနေ စက်သုံးဆီအများအပြားဝယ်ယူသူတွေဆိုရင် ပေးမ ရောင်းတာရှိနေပါတယ်။
“များများစားစား ဈေးဝယ်ချင်ရင် မြစ်အရှေ့ဘက်ခြမ်းက ရွာအမည်ပြောဝယ်ရတယ်” လို့ ဒေသခံတွေ ကပြောပါတယ်။ လေးမျက်နှာမြို့နယ် ငဝန်မြစ်ဘေးမှာ အိုင်သပြု – ခြောက်ဆယ် ၊ ဝဲကြီး – လက်သမား ၊ အိုက်ဇောက် – လှေဆွဲ ၊ ဘုတ်ချောင်း – မဲဇလီ စသည်ဖြင့် ကူးတို့ဆိပ်တွေ ရှိနေတာ ဖြစ်ပါတယ်။
ဒီကူးတို့ဆိပ်တွေမှာ စစ်ကောင်စီတပ်က လုံခြုံရေးကင်းတွေချထားပြီးတော့ ကူးသန်းသွားလာသူတွေကို စစ်ဆေးမေးမြန်းတာတွေအပြင် မြစ်အနောက်ဘက်ခြမ်းလူတွေကို မြစ်အရှေ့ဘက်ခြမ်းပေးမဖြတ်တာ တွေ ၊ မြစ်အရှေ့ဘက်ခြမ်းက ကုန်စည်တွေကို မြစ်အနောက်ဘက်ခြမ်း သယ်ယူခွင့်မပြုတာတွေကို ကန့် သက်လုပ်ဆောင်နေတာပါ။
ငဝန်မြစ်အနောက်ဘက်ခြမ်း လေးမျက်နှာမြို့နယ်ထဲမှာဆိုရင်တော့ အာရက္ခတပ်တော်အေအေပူးပေါင်း တပ်နဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီလအတွင်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံ အဆိုအရ ပန်းတောကြီးကျေးရွာနဲ့ စက်စက်ယိုကျေးတွေဟာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတာ ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ရွာလုံးကျွတ်နီးပါး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။