ကွင်းကောက်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှာ တလအတွင်း စစ်မှုထမ်းသင်တန်းထွက်ပြေးသူ

 

ရာဂဏန်းရှိ

အမည်မဖော်လိုတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ကတော့ စစ်မှုထမ်းအသက်အရွယ်မှာ ရှိနေသူတွေအနေနဲ့ ကြိုတင်ပြင်ဆင် ရှောင်ရှားတာဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုထားပါတယ်။

၅၊ မေ

ဧရာဝတီတိုင်း ကွင်းကောက်မြို့ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ် (၅) မှာ ဧပြီလအတွင်း စစ်မှုထမ်းသင်တန်းထွက်ပြေးသူတွေ ရာဂဏန်းနီးပါး ရှိနေတယ်လို့စစ်မှုထမ်းသင်တန်း တက်ရောက်နေသူတွေဆီက သိရပါတယ်။

ဒီလိုထွက်ပြေးသူတွေကို ဖမ်းမိရင် တိုက်ပိတ်နှိပ်စက်တာတွေ ရှိနေပြီး အချို့ဟာ သေဆုံးသွားနိုင်ချေရှိတယ်လို့ ဆိုကြပါတယ်။

စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်ခံရသူတွေကို သင်တန်းတက်နေစဉ် အစောပိုင်းကာလတွေမှာ မိသားစုနဲ့ အဆက်သွယ်ဖြတ်ထားပြီး သင်တန်းဆင်းခါနီးမှသာ ပြန်လည်ဆက်သွယ်ခိုင်းလေ့ရှိပါတယ်။

ဒါကြောင့် မိသားစုတွေအနေနဲ့ သင်တန်းဆင်းကာလရောက်နေသူတွေ သို့မဟုတ် သင်တန်းဆင်းပြီးစကာလမှာ ရှိနေတဲ့သူတွေဆီက အဆက်သွယ် မရဘူးဆိုရင် ကြိုးစားဆက်သွယ် စုံစမ်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီအချက်အလက်တွေဟာ ဧရာဝတီတိုင်း ကြံခင်း၊ သာပေါင်း၊ ဇလွန်၊ ဟင်္သာတ မြို့နယ်တွေထဲက စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေဆီက သိရတဲ့ အချက်အလက်တွေဖြစ်ပြီး DNA က ဒီ ၄ မြို့နယ်ထဲက ကာယကံရှင် ၆ ဦးကိုမေးမြန်း အတည်ပြုထားခြင်း ဖြစ်ပါတယ်။

ကြံခင်းမြို့နယ်ထဲက စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရသူ တဦးရဲ့ မိခင်ဖြစ်သူက  ထွက်ပြေးသူတွေကို တိုက်ပိတ်နှိပ်စက်တာတွေကတော့ သူတို့မြင်နေရတော့ သိတယ်ပေါ့နော်။ ဒါပေမယ့် သေသွားတဲ့သူတွေရှိတယ် ဘာညာကတော့ မသေချာဘူးပေါ့။ သူတို့လည်း ကြောက်နေကြတယ်  လို့ DNA ကိုပြောပါတယ်။

ကွင်းကောက်နဲ့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ပိုမိုများပြားလာပြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ထဲက ကျေးရွာတွေနဲ့ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းက ကျေးရွာတွေမှာတော့ စစ်ကြောင်းထိုးပြီး စစ်မှုထမ်းတွေကို မဲနှိုက်ခြင်းမရှိဘဲ တခါတည်းခေါ်ဆောင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို ပုသိမ်ခရိုင်အတွင်းက တိုင်းလွှတ်တော် ကိုယ်စားလှယ်တဦးက အတည်ပြုထားပြီး စစ်မှုထမ်း သင်တန်းဆင်းတွေ ထွက်ပြေးမှုတွေ ရှိနေတာကိုလည်း အတည်ပြုပေးပါတယ်။

သူက  စစ်ကြောင်းထိုးတယ်ဆိုတာက အဖွဲ့ပေါင်းစုံကလူတွေက လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး ဒီအိမ်ကလူ စစ်မှုထမ်းရမယ်လိုက်ခဲ့ ဆိုတာမျိုး ခေါ်တာ။ သင်တန်းဆင်းတွေ ထွက်ပြေးနေတာကတော့ ခုမှ ခုတော့ မဟုတ်ပါဘူး  လို့ ပြောပါတယ်။

ဒီလိုမျိုး ပြည်သူတွေကို အတင်း အဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာမျိုးတွေ ရှိနေပေမယ့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေကတော့ လွတ်ကင်းနေတာကြောင့် ဒေသခံပြည်သူတွေ ကြားထဲမှာလည်း မကျေနပ်မှုတွေ ရှိနေကြပါတယ်။

အမည်မဖော်လိုတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ကတော့ စစ်မှုထမ်းအသက်အရွယ်မှာ ရှိနေသူတွေအနေနဲ့ ကြိုတင်ပြင်ဆင် ရှောင်ရှားတာဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုထားပါတယ်။