မြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေက ကျားဖေါင်လုပ်ငန်းတွေ မေလ လလယ် ၁၅ ရက်နေ့မတိုင်ခင် ပြန်သိမ်းသင့်ပြီလို့ သတိပေးချင်ပါတယ်။ လေဖိအားနည်းရပ်ဝန်း ဖြစ်လာတာသေချာမှ သိမ်းမယ်ဆိုရင် အချိန်ရတာ နည်းသွားနိုင်ပါတယ်” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က အကြံပြုတိုက်တွန်းထားပါတယ်။
၃၊မေလ
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းဖြစ်လာနိုင်ချေ ရှိနေတာကြောင့် ဆိုင်ကလုန်း မုန်တိုင်းရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။ဒါပေမယ့် ဒီအပေါ်မှာ စိုးရိမ်မှုကြီးကြီးမားမား မဖြစ်ကြဖို့နဲ့ လေဖိအားနည်းရပ်ဝန်းဟာ စောင့်ကြည့်ရမယ့် အခြေအနေမှာသာ ရှိနေသေးတယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာရေး ပညာရှင်တွေက ဆိုကြပါတယ်။
“ ကြိုတင်အသိပေး/သတိပေး လုပ်ရမယ်ဆိုရင်တော့ မြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေက ကျားဖေါင်လုပ်ငန်းတွေ မေလ လလယ် ၁၅ ရက်နေ့မတိုင်ခင် ပြန်သိမ်းသင့်ပြီလို့ သတိပေးချင်ပါတယ်။ လေဖိအားနည်းရပ်ဝန်း ဖြစ်လာတာသေချာမှ သိမ်းမယ်ဆိုရင် အချိန်ရတာ နည်းသွားနိုင်ပါတယ်” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က အကြံပြုတိုက်တွန်းထားပါတယ်။
ဒီလေဖိအားနည်းရပ်ဝန်းရဲ့ အခြေအနေကို မေလ ၁၅ ရက်ဝန်းကျင် ရောက်မှသာ သိနိုင်မှာ ဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်တာက မှားယွင်းခြင်းမရှိပေမယ့် စိုးရိမ်မလွန်ကြဖို့ မိုးဇလပညာရှင်တွေက သတိပေးနေကြတာ ဖြစ်ပါတယ်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မြင်တွေ့နေရပြီး ဒီရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်ချေ ၂၀ ရာခိုင်နူန်းကနေ ၄၀ ရာခိုင်နူန်းအထိ ရှိနေကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာရေး ဝက်ဘ်ဆိုက်တွေကတဆင့် တွက်ချက်လို့ရနိုင်တယ်လို့ သိရပါတယ်။
“ တကယ်လို့ ဒီလေဖိအားနည်းရပ်ဝန်း ဖြစ်လာမယ်ဆိုရင် မြန်မာတနိုင်ငံလုံးနီးပါး မိုးရွာသွန်းမှာဖြစ်ပြီး မိုးများနိုင်တယ် ” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
ဒါပေမယ့် ဒါဟာ မေလ ၁၄ ရက်နောက်ပိုင်းမှ ဖြစ်လာမှာ ဖြစ်သလို ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲပြီး မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဝင်နိုင် မဝင်နိုင်ဆိုတာကိုတော့ ပြောဖို့ စောနေသေးတယ်လို့ မိုးဇလ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ သတိပေးမှုမျိုးတွေ မပြုလုပ်သေးပါဘူး။