မြစ်ဝကျွန်းပေါ်အတွက် ၁၇ နှစ်သား နာဂစ်ပေးခဲ့သော လက်ဆောင်များ

 

၂၊မေလ။

“ရှပ်တာက မီးကြိုးတွေလည်း အကုန်သူခိုး ခိုးလို့ ဘာမှ မရှိတော့ဘူး ။ ဘယ်သူမှလည်း ထိန်းသိမ်းမယ့် သူမရှိဘူး ။ အမူးသမားတွေ အရက်သောက် မှန်ရိုက်ခွဲ ။ အတွဲတွေ ချိန်းတွေ့တဲ့နေရာ ဖြစ်နေတာ”လို့ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ငပုတောမြို့နယ် ထဲက သင်္ဃန်းကုန်းရွာ အနီးမှာရှိတဲ့ Cyclone Shelters အကြောင်းကို ဒေါ်ဝါဝါမြင့်က ရှင်းပြပါတယ်။

စစ်အာဏာရှင်လက်ထက် ၂၀၀၈ ခုနှစ် မေလ ၂ နေ့မှာ မြစ်ဝကျွန်းပေါ်ဒေသကို ပြင်းအားအဆင့် ၄ ရှိတဲ့ နာဂစ်မုန်တိုင်းကြီး တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၁၃၈,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။ စစ်အာဏာရှင် စနစ်ကြောင့် အဖက်ဖက်က နိမ့်ကျယိုယွင်းခဲ့တဲ့ မြန်မာနိုင်ငံဟာ နာဂစ်မုန်တိုင်း မတိုက်ခတ်ခင် အချိန်အထိ သဘာဝဘေးအန္တရာယ်တွေကနေ လူသားတွေရဲ့ အသက်တွေကို ကာကွယ်ဖို့ အစီအမံတွေ ဘာတခုမှ ရှိမနေခဲ့ပါဘူး။

ဒါ့အပြင် စစ်တမ်းတွေအရ ၂၀၀၀ ပြည့်နှစ် မတိုင်မှီ ကတည်းက မြစ်ဝကျွန်းပေါ်က ဒီရေတောတွေရဲ့ ၈၃% ဟာ ပျက်ဆီး ဆုံးရှုံးခဲ့ပြီလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ တနာရီ မိုင် ၁၃၅ မိုင်နှုန်းနဲ့ ဝင်ရောက်လာတဲ့ မုန်တိုင်းကြောင့် အရှိန်နဲ့ ရိုက်ခတ်လာတဲ့ လှိုင်းလုံးတွေကို တားဆီးမယ့် ဒီရေတောတွေ အားနည်းခဲ့သလို ၊ မုန်တိုင်းဒဏ်ခံနိုင်တဲ့ ကြီးကြီးမားမား အဆောက်အဦးတွေ မရှိတဲ့ မြစ်ဝကျွန်းပေါ်ရဲ့ပင်လယ် ကမ်းစပ်ရွာတွေက လူသိန်းနဲ့ချီပြီးသေဆုံး ခဲ့တာပါ။

“လေမိုးထန်နေတုန်း မိသားစု အကုန်လုံး အိမ်သာထဲမှာ စုနေခဲ့ကြရတာ”လို့ ကိုယ်ဝန် ၈ လအချိန်မှာ နာဂစ်ကို ရင်ဆိုင်ခဲ့ရတဲ့ ဒေါ်ဝါဝါမြင့်က သူအသက် ဘေးက လွတ်ခဲ့ရပုံကို ပြန်ပြောပြပါတယ် ။
လေကြမ်းတွေ စတိုက်ချိန်မှာ အိမ်တံခါးကို မင်းတုံးချထားတဲ့အတွက် အိမ်နံရံ ပွင့်သွားသလို အိမ်ခေါင် လည်းလွင့်သွားတာ၊ အိမ်နံရံတခြမ်းနဲ့ ကွယ်နေလို့ အမိုးအကာကျန်နေတဲ့ အိမ်သာထဲမှာပဲ မိသားစုတွေဝင်နေပြီး မုန်တိုင်းညကို ဖြတ်သန်းခဲ့ရတာလို့ သူမက ပြန်ပြောပြပါတယ်။

ဒေါ်ဝါဝါမြင့်က အိမ်ခြေတထောင်ကျော်ရှိတဲ့ သင်္ဃန်းကုန်းရွာနဲ့ အနီးဆုံးဖြစ်တဲ့ ကြာကန်ရွာသူ တဦးဖြစ်ပါတယ်။

“ကျွန်မတို့ရွာက ရေတွင်းတူးလို့ မရဘူး ။ ရေချိုအတွက် ကန်တွေမှာမိုးရေကိုလှောင်ပြီး သောက်ရတာ ။ အဲဒီကန်ထဲမှာ ကြာတွေအများကြီးရှိနေလို့ ကြာကန်ရွာလို့ ခေါ်ကြတာလေ”။ဒါပေမယ့် မုန်တိုင်းတိုက်ပြီးတဲ့အခါမှာ ရေကန်ထဲကို ပင်လယ် ရေငန်တွေ ဝင်ကုန်တဲ့အတွက် သောက်စရာ ရေချိုမရှိတော့ဘူးလို့ သူမက ပြောပါတယ်။

နောက်တနေ့ မြစ်ကြောင်းအတိုင်း လိုင်းသင်္ဘောတွေ ဆင်းလာတဲ့အချိန်မှာ ကျွန်မတို့ တရွာလုံး ရေပုံးတွေနဲ့ မြစ်ဆိပ်ဆင်းပြီး ရေတောင်းကြတာ ၊ပထမတော့ သင်္ဘောက ကျွန်မတို့ လူအုပ်ကြည့်ပြီး မကပ်ရဲဘူး ၊ နောက်မှ ကျွန်မက ဗိုက်ကြီးနဲ့ ရှေ့ဆုံးက အော်ခေါ်တော့ သနားပြီး ကပ်ပေးတာ ၊ ရေတွေအပြင် သူတို့မှာပါတဲ့ အစားအသောက်တွေပါ ပေးသွားတယ်လို့ သူမဘဝရဲ့ မုန်တိုင်းထန်ခဲ့တဲ့ နေ့ရက်တွေ အကြောင်းကို ပြန်ပြောင်း ပြောပြပါတယ်။

အဲဒီလို နာဂစ်မုန်တိုင်း ဝင်ပြီးတဲ့ နောက်မှာ စစ်အုပ်စုဟာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု များစွာကို အကန့်အသတ်တွေနဲ့ လူထုဆီကို စီမံခန့်ခွဲမှု ညံ့ဖျင်းစွာ စီမံဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်က ပေးခဲ့တဲ့ အထောက်အပံ့တွေထဲမှာ ၁၇ နှစ် ပြည့်မြောက်တဲ့ အထိ ကြီးကြီးမားမား ပြစရာအဖြစ် ကျန်ခဲ့တာဆိုရင် မုန်တိုင်းဒဏ်ခံ အဆောက်အဦး Cyclone Shelters တွေကိုပြရမှာပါ ။

“ရှပ်တာတွေက စဆောက်ကတည်းက ပြဿနာရှိတယ်။ ဘာလို့ဆို မိသားစုတခု သေချာနေဖို့တောင် သူက အဆင်မပြေဘူး။ ရေ၊ မီး ဘာညာပေါ့။ ငါတို့ကိုပေးနေတာလည်း မဟုတ်တော့ ငါတို့ကလည်း သိပ်စိတ်မဝင်စားတာလည်းပါတယ်” လပွတ္တာဒေသခံ ကိုကြွယ်ဝ(အမည်လွှဲက) ပြောပါတယ်။

Cyclone Shelters စဆောက်တဲ့အချိန်တုန်းက ဒေသခံရွာသားတွေကို သေသေချာချာ ရှင်းပြတာမျိုး မရှိသလို လာကူညီတဲ့သူတွေ နေဖို့အဆောက် အဦး ဆောက်နေတယ်လို့ ထင်ခဲ့တာလို့ သူက ဆိုပါတယ်။အဆောက်အဦး ဆောက်ပြီးတဲ့အခါ ရွာခံမဟုတ်တဲ့ လူစိမ်းတချို့သာ ခဏနေပြီး အဆောက် အဦးကို ဒီအတိုင်းထားခဲ့ကြတယ်လို့ ကိုကြွယ်ဝက ပြောပါတယ်။

“ပိတ်ထားတာမြင်တော့ ငယ်လည်း ငယ်သေးတာကိုး အဲ့တုန်းက။ ကမ်းနဲ့ နီးတဲ့သူတွေလောက် ဒုက္ခမရောက်ဘူး ဆိုပေမယ့် ငါတို့လည်း အိမ်ပြိုသွားတာကိုး။ အဲ့ဘက်ကိုရောက်တိုင်း အော်ဒီအိမ်လေး ငါတို့ကိုပေးရင်ကောင်းမယ် တွေးမိတာပေါ့”လို့ နာဂစ်ပြီးစ Cyclone Shelters နဲ့ပတ်သက်တဲ့ သူ့ခံစားချက် ကို ရှင်းပြပါတယ်။

၂၀၁၇ ခုနှစ်က ရေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံ ဘေးအန္တာရယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက်မှာ Cyclone Shelters တည်ဆောက်ရခြင်း ရည်ရွယ်ချက် အနေနဲ့ “ ဘေးအန္တာရယ် ကျရောက်ချိန်တွင် ပြည်သူလူထုအတွက် ဘေးကင်းလုံခြုံသည့် နေရာတခု ပေးရန်နှင့် ပုံမှန် အချိန်များတွင် တခြားရပ်ရေးရွာရေး အစီအစဉ် များ အတွက် အသုံးချရန်လို့” ရေးသားထားပါတယ်။

ဒါပေမယ့် dna က ဆက်သွယ်မေးမြန်းခဲ့တဲ့ မြစ်ဝ ကျွန်းပေါ် ဒေသခံတွေဟာ Cyclone Shelters တွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့အသက်ဘေးအန္တရာယ်
ကင်းအောင် အားကိုးအားထားပြုရမယ့် အဆောက် အဦးတွေအဖြစ် ယူဆ မထားကြပါဘူး။ လပွတ္တာမြို့နယ် ဘီတွတ်ရွာမှာ နေထိုင်တဲ့ မမြစံပယ်ကတော့ Cyclone Shelters နဲ့ပါတ်သက်ပြီး
“ဘယ်သူမှ အဲဒီရှပ်တာတွေကို စိတ်ဝင်စား မနေတော့ဘူး ။ ငါတို့ကတော့ မုန်တိုင်းသတိပေးချက် တွေ ရှိနေရင် အန္တရာယ်ကင်းလောက်မယ့် နေရာတွေကို ရွှေ့နေလိုက်တာပဲ။မိုခါတုန်းကဆိုလည်း အဲဒီလိုပဲ နေလိုက်တာ”လို့ ရှင်းပြပါတယ်။
၁၄ နှစ်အရွယ်မှာ နာဂစ်ကို ရင်ဆိုင်ခဲ့ရတဲ့ မမြစံပယ် ဟာ မုန်တိုင်းအပြီးမှာ အလုပ်သမားတွေနဲ့အတူ လယ်ထဲကို တလင်းသိမ်းဖို့သွားတဲ့ သူမရဲ့ အဖိုးနဲ့အဖွားကို ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းတုန်းက ဘေးလွတ်ရာကို ရှောင်ဖို့ Cyclone Shelters ကို ဘာကြောင့် မရွေးခဲ့တာလဲလို့ မေးတဲ့အခါမှာတော့ “ အဲဒီရှပ်တာမှာ သွားရှောင်နေရင်တော့ ခိုးဆိုးလုတွေနဲ့ တွေ့မှာပေါ့”လို့ သူမက ပြောပါတယ်။
Cyclone Shelters အများစုကို ဆောက်လုပ်ဖို့ နေရာရွေးခြယ်တဲ့ အခါမှာ တရွာတလုံးကျ မဆောက်လုပ်နိုင်တဲ့အတွက် နှစ်ရွာပေါင်းတလုံး ၊ သုံးရွာပေါင်း တလုံး အသုံးပြုနိုင်ဖို့အတွက် ရွာတွေရဲ့ အကြားမှာရှိတဲ့ လယ်ကွင်းတွေနေရာမှာ ရွေးခြယ်ခဲ့ကြတဲ့အခါမှာ Cyclone Shelters တော်တော်များများဟာ ရွာနဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတတ်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ ရွာနဲ့ ကပ်လျှက်မှာ ရှိတဲ့အခါ ရပ်ရေးရွာရေး ကိစ္စအပါအဝင် ဒေသအတွက်
အကျိုးရှိအောင် အသုံးချနိုင်တာမျိုးကို တွေ့ရတတ် ပါတယ်။ ဥပမာ အားဖြင့် ရန်ကုန်တိုင်း ခရမ်းမြို့ နယ်ထဲမှာ ရှိတဲ့ အုန်းပင်ရွာက Cyclone Shelters ကို ကျေးရွာရဲ့ စာသင်ကျောင်းအဖြစ် အသုံးပြုထားတာမျိုး တွေ့ရမှာပါ။

ဒေးဒရဲမြို့ အနီး ကျေးရွာတရွာ ဇာတိလည်းဖြစ် နိုင်ငံရေးအကျဉ်းသူဟောင်း တဦးလည်းဖြစ်တဲ့ မမြတ်(အမည်လွှဲ)ကတော့ သူတို့ ဒေသမှာ ရှိတဲ့ Cyclone Shelters တွေ ဆောက်လုပ်ပြီးခဲ့တဲ့ ၁၅ နှစ်ကျော် ကာလအတွင်းမှာ ပြန်လည်ပြုပြင်တာ ၊ မွမ်းမံတာမျိုး မတွေ့ခဲ့ရဘူးလို့ ပြောပြပါတယ်။
“ဒီ ၁၅ နှစ်အတွင်းမှာ ဒီအဆောက်အဦးတွေကို တခြားသုံးတာ မတွေ့ဘူး။ အမြဲပဲ သော့ခတ်ထား ၊ ပိတ်ထားတာပဲ တွေ့တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ သူမြင်ခဲ့ဖူးတဲ့ Cyclone Shelters တချို့ဟာ ခြေတံရှည် ၊ ရေလွတ်မိုးလွတ် အဆောက်အဦးမျိုး မဟုတ်ပဲ ၊ သာမာန် အုတ်ပတ္ကားတက်ထားတဲ့ သွပ်မိုးအဆောက် အဦး သာသာ အနေအထားမျိုးကိုလည်း တွေ့ခဲ့ရတယ်လို့ မှတ်ချက်ပြုပါတယ်။

Cyclone Shelters တွေဟာ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသအတွက် နာဂစ်က ပေးခဲ့တဲ့ လက်ဆောင် တွေပါ။စာရင်းတွေအရ ဧရာမြစ်ဝကျွန်းပေါ် ဒေသမှာ ၂၀၂၂ ခုနှစ်အထိ ဆောက်လုပ်ပြီးစီးတဲ့ Cyclone Shelters ပေါင်း ၁၁၇ လုံး ရှိတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က တကျော့ပြန် အာဏာမသိမ်မှီ ဒီချုပ်အစိုးရလက်ထက်အထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန စာရင်းတွေအရ ၂၀၂၀ ခုနှစ်အတွင်း ဧရာဝတီ တိုင်းအတွင်းမှာ Cyclone Shelters အလုံး ၅၀ ထပ်မံဆောက်လုပ်ဖို့ ဘတ်ဂျက် လျှာထားခဲ့တယ် လို့ တွေ့ရပါတယ် ။ ဒီဘတ်ဂျက်ကို အမျိုးသား သဘာဝဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံ ငွေကနေ အသုံးပြုသွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ Cyclone Shelters အလုံး ၅၀ ဆက်လက် ဆောက် ဖြစ်တယ် မဆောက်ဖြစ်ဘူးဆိုတာ dna အနေနဲ့ အချက်အလက် ရှာဖွေနိုင်ခြင်း မရှိပါဘူး။

“မိုးလေဝသနဲ့ ပတ်သက်တဲ့ သတင်းတွေကို မှန်မှန်ကန်ကန်နဲ့ ထုတ်ပြန်မယ်၊ ပြည်သူတွေကလည်း ဒါကို တိတိကျကျ လိုက်နာမယ်ဆိုရင် ကျွန်မတို့ဒေသမှာ ပင်လယ်ဘက်ကို ထွက်ပြီး အလုပ်လုပ်ကြတဲ့ သူတွေရှိတွေရှိတယ် သူတို့တွေက မုန်တိုင်းလာမှာ ကြိုပြီးသိရင် ဒီရှပ်တာတွေမှာလာပြီး သက်ကြီးရွယ်အိုတွေ ၊ ခလေးတွေ လာရှောင်မယ်ဆိုရင် နာဂစ်ကလို အများကြီး မသေပဲ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ်လို့ ယုံကြည်တယ်”လို့ ကိုယ်ဝန် ၈ လနဲ့ နာဂစ်မုန်တိုင်းကို ရင်ဆိုင်ခဲ့ရတဲ့ ကြာကန်ရွာသူ ဒေါ်ဝါဝါမြင့်က မှတ်ချက်ပေးပါတယ်။