အမေရိကန် – ယူကရိန်း သတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူညီမှုအပြီး ရုရှားနဲ့ ယူကရိန်း အပြန်အ လှန်ဒရုန်းနဲ့ ပစ်ခတ်

 

၂၊ မေ

အမေရိကန်အနေနဲ့ မျှော်လင့်ချက်များစွာရှိနေတဲ့ ယူကရိန်းနိုင်ငံအတွင်း သတ္တုထူးဖော်ရေးဆိုင်ရာ သဘောတူညီမှုတစ်ခုကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်လိုက်ပြီးနောက် ရုရှားနဲ့ ယူကရိန်းအကြား အပြန်အလှန် ဒရုန်းတိုက်ခိုက်မှုတွေ ပြင်းထန်လာနေပါတယ်။

အယ်ဂျားဇီးယားသတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်နဲ့ ယူကရိန်းတို့ရဲ့ သတ္တုထူးဖော်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးအပြီး နာရီပိုင်းအကြာမှာ ခါဆွန်ဒေသနဲ့ အိုဒီဆာမြို့တွေမှာ ဒရုန်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခါဆွန်ဒေသကို ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက် လို့ လူခုနစ်ဦးသေဆုံးခဲ့သလို ၂၀ ဦးဒဏ်ရာရရှိခဲ့ပြီး အိုဒီဆာမြို့ကို ရုရှားဘက်က ဒရုန်းနဲ့ တိုက်ခိုက်လို့ လူနှစ်ဦးသေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ရုရှားဘက်က အိုဒီဆာ ဆိပ်ကမ်းမြို့ကို တိုက်ခိုက်မှုအတွင်း လူ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ နှောင်းပိုင်းက ယူကရိန်းအရှေ့ တောင်ပိုင်း ဇက်ပိုရီရှီယာဒေသကို တိုက်ခိုက်မှုမှာတော့ လူ ၁၄ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းဘက်ကတော့ ခါဆွန်ဒေသ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

အမေရိကန်ကို ယူကရိန်းက သတ္တုတွင်းထွက်တွေနဲ့ သဘာဝအရင်းအမြစ်အသစ် လုပ်ငန်းလိုင်စင် ဦး စားပေး ခွင့်ပြုပေးခဲ့ပါတယ်။ အပြန်အလှန်အကျိုးကျေးဇူးအနေနဲ့ စစ်ပွဲအပြီး နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ယူကရိန်းကို အမေရိကန်က ငွေကြေးနဲ့ စစ်ရေးအကူအညီတွေ ပံ့ပိုးသွားမှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြကြပါတယ်။

ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီး အန်ဒရီဆီဘီဟာက အခု အမေရိကန်နဲ့ သဘောတူညီချက်ဟာ ယူကရိန်း – အမေရိကန် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေးကို ခိုင်မာစေရန် ရည်ရွယ်ကြောင်း ပြောကြားထားပါတယ်။

အခုလို အမေရိကန်နဲ့ အရင်းအမြစ်ဆိုင်ရာ သဘော တူညီမှုတွေကို ရရှိခဲ့ပေမဲ့ ရုရှားတပ်တွေ ထိန်းချုပ် ထားတဲ့ ယူကရိန်းနယ်မြေတွေက အရင်းအမြစ်တွေကို အမေရိကန်အနေနဲ့ ဘယ်လိုထုတ်ယူ သုံးစွဲနိုင်မလဲဆိုတဲ့ မေးခွန်းတွေ ရှိလာခဲ့ပါတယ်။ We Build Ukraine နဲ့ The National Institute of Strategic Studies ရဲ့ပညာရှင်တွေကတော့ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အထိ ယူကရိန်းရဲ့ သတ္တုအရင်းအ မြစ် ၄၀ ရာခိုင်နှုန်းဟာ ရုရှားတို့ သိမ်းပိုက်တာ ခံထားရတယ်လို့ ဆိုပါတယ်။