တောင်ကိုရီးယားနိုင်ငံအတွက် ကြီးလေးတဲ့ တာဝန် တွေကို ယူဖို့ အခုလို ဆုံးဖြတ်ချက်ကို ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

၂၊ မေ

လာမယ့် ဇွန်လမှာ ကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့ လက်ရှိ တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒွတ်ဆိုးဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အသိပေးလာပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဒီအကြောင်းကို ထည့်သွင်းပြောကြားခဲ့ပြီး ယာယီသမ္မတရဲ့ ပြောစကားအရ တောင်ကိုရိးယားနိုင်ငံအတွက် ကြီးလေးတဲ့ တာဝန် တွေကို ယူဖို့ အခုလို ဆုံးဖြတ်ချက်ကို ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဟန်ဟာ သူ့ရဲ့ ရွေးကောက်ပွဲအတွက် ကမ်ပိန်းတွေကို ဒီကနေ့ သောကြာနေ့မှာ တရားဝင် စတင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဟန်ဟာ လက်ရှိအကျပ်အတည်းတွေနဲ့ အနာဂတ်အတွက် တာဝန် တွေကို အကောင်းဆုံး ထိန်းကျောင်းဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

အရင်တောင်ကိုရီးယားသမ္မတ ယွန်ရဲ့ ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေး အမိန့် ပေါ်ထွက်ပြီးနောက် ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီအတွင်း ဝရုန်းသုန်းကားဖြစ်ခဲ့ရပြီး ဟန်ကတော့ ကွန်ဆာဗေး တစ်တွေ အကြိုက် ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပါတယ်။

ဟန်ဟာ ဒီကနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲအတွင်း လာမယ့်လ ဇွန် ၃ ရက်နေ့မှာ ကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ အသိပေးသွားပါတယ်။

လေ့လာသူတွေကလည်း ဟန်အနေနဲ့ ပြည်သူ့အာဏာပါတီနဲ့ လိုက်လျောညီထွေမှု ရှိလာလိမ့်မယ်
လို့ ခန့်မှန်းထားကြပါတယ်။

ယာယီသမ္မတ နေရာက မနုတ်ထွက်ခင် ဟန်ဟာ အစောပိုင်းကာလ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံ ယာယီ သမ္မတ အဖြစ် တာဝန်ယူလိုက်တဲ့ သီတင်းနှစ်ပတ် ဝန်းကျင်မှာပဲ ရာထူးကနေ ဖယ်ရှားဖို့ လွှတ်တော်အတွင်း ဆုံးဖြတ်ချက်တွေ ရယူတာတွေ၊ ကသောင်းကနင်းဖြစ်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဟန်ဟာ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ နှစ် ၄၀ ခန့် တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ရှည် အစိုးရအရာရှိတစ်ဦးဖြစ်ပြီး ဟားဗက်တက္ကသိုလ်ကနေလည်း စီးပွားရေးဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ ရရှိထားသူဖြစ်ပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ အမေရိကန်ဆိုင်ရာ တောင်ကိုရီးယား သံအမတ် အဖြစ်အပြင် ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ်အစိုးရတွေအောက်မှာ ထိပ်တန်းရာထူးတွေနဲ့ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။
Ref – AP